ကလေးတစ်မြို့လုံးနီးပါး ရေနစ်မြုပ်နေ၊ အစိုးရအကူအညီ ကြန့်ကြာနေ

ကလေးတစ်မြို့လုံးနီးပါး ရေနစ်မြုပ်နေ၊ အစိုးရအကူအညီ ကြန့်ကြာနေ

ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနီးတွင် ဇူလိုင် ၃၁ရက်က အဆိုးဝါးဆုံး ရေကြီးမှုဖြစ်ခဲ့ပြီး ကလေးမြို့ပေါ် အပါအဝင် ကျေးရွာပေါင်း ၂၂ရွာ ရေလွှမ်းမိုးခံရပြီး ကလေးမြို့ အနောက်ဘက်ပိုင်းရှိ ကုန်းမြင့်နေရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ကလေးဒေသခံ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင်လင်းအဖွဲ့(ကလေး)မှ အဖွဲ့ဝင် ဦးဘကြူးက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၃၁ရက် ညနေပိုင်းတွင် ကလေးမြို့ ထောက်ပို့လမ်း တပ်ဦးသီတာရပ်ကွက် အမက၉၊ အ.ထ.က ၁၊ အ.မ.က ၂နှင့် တောင်ဖီလာရပ်ကွပ်ရှိ တောင်ဖီလာဘုန်းတော်ကြီးကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်ထားရသည်။ တောင်ဖီလာဘုန်းတော်ကြီးကျောင်းတွင် မဟာစည်သာတနာ့ရိပ်သာ၊ ဝိသုဒ္ဓာစာသင်တိုက်၊ မင်္ဂလာဥယျာဉ်ကျောင်းတိုက်၊ပုဗ္ဗရုံကျောင်းတိုက်များမှ သံဃာတော်များပါ ခိုလှုံနေရသည်ဟု ဦးဘကြူးက ပြောသည်။

လက်ရှိအချိန်တွင် အနိမ့်ပိုင်းတွင် ကျရောက်နေသော ကလေးမြို့အရှေ့ပိုင်းရပ်ကွက်များ ဖြစ်သည့် ညောင်ပင်သာ၊အောင်မင်္ဂလာ၊ အောင်တမန်၊ မင်္ဂလာဥယျာဉ်၊ အောင်သစ္စာ၊ အောင်ဇေယျ၊ တပ်ဦး စသည့် ရပ်ကွက်များ ရေလွှမ်းခံနေရပြီး ညောင်ပင်သာ၊ အောင်မင်္ဂလာနှင့် အောင်သစ္စာ ရပ်ကွပ်များမှာ အဆိုးဆုံးခံစားနေရသည်ဟုဆိုသည်။

ကလေးသို့ရေဘေးကူညီမှုများ လုပ်ဆောင်ပေးမည့် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင်လင်းအဖွဲ့မှ ကိုဉာဏ်လင်းက “ကလေးက ဆိပ်ကမ်းမြို့မဟုတ်တော့ ရေဘေးသင့်ရင် ကူးစရာစက်လှေ မရှိဘူးဗျ၊ ကလေးဝမြို့ကနေ ကူမှရတယ်၊အခုကားလမ်းတွေအကုန်ပျက်ကုန်ပြီ၊ လေယာဉ်နဲ့ပဲရတော့မယ်”ဟုဆိုသည်။

အဆိုပါ ရေဘေးအတွက် သွားရောက်ကူညီရန် အစိုးရဘက်မှ စက်လှေနှင့် ကယ်ဆယ်ရေးပစ္စည်းပါ ရဟတ်ယာဉ်များ စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် သွားကူညီရန် နှောင့်နှေးနေသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရွှမ်ဟရဲက မဇ္ဈိမကို ပြောသည်။

ဦးရွှမ်ဟရဲက "အခုရဟတ်ယာဉ် နှစ်စီး ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး မုံရွာတော့ရောက်နေပါပြီ၊ ရာသီဥတု မကောင်းသေးလို့ ဆက်သွားလို့မရသေးပါဘူး၊ အသက်ကယ်လှေ ၈စီးကိုတော့ ကလေးဝမြို့ကနေ တစ်ဆင့် ပို့ထားပြီးသားပါ” ဟုဆိုသည်။

ဇူလိုင် ၃၁ရက် နေ့လည်ပိုင်းတွင် ကလေးမြို့အနီး ရာဇဂြိုလ်ဆည် ရေမနိုင်ဘဲ ရေတံခါးကျိုးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သေးသည်။

ဦးဘကြူးက “ရာဇဂြိုလ်ဆည်က ဆည်တွင်းမှာရှိတဲ့ ရေပမာဏများလာလို့ ရေပိုလွှဲတံခါးထက်ကျော်ပြီး အပြင်ကို လျှံကျလာတာ၊ ဒါကိုရေပိုလွှဲကနေ ထွက်လာအောင် ရေပိုလွှဲတံခါးကို ကုတ်နဲ့ဖွင့်ရာမှာ ရေအလေးချိန်ကို မခံနိုင်ဘဲ ကျိုးသွားတာ၊ နေ့လည် တစ်နာရီလောက်ကစ ဖြစ်တာ၊ အခုညနေလေးနာရီမှာ စိုးရိမ်ရေမှတ်နားနီးနေပြီ၊ နောက်တစ်နာရီဆို စိုးရိမ်ရေမှတ်ရောက်ပြီ၊ ရေက တအိအိနဲ့ ကလေးတစ်မြို့လုံးတက်နေတာ၊ မြို့အနောက်ပိုင်း ကုန်းအမြင့်နေရာတွေပဲ ကျန်တော့တယ်၊ ကလေးအပိုင် ၂၂ရွာကတော့ ရေမြုပ်နေပြီ”ဟု ပြောသည်။

ရာဇဂြိုလ်ဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာ အနီးတွင် တည်ရှိပြီး ယင်းနေရာတွင် နရဉ္စရာမြစ်ကို အခြေပြုသည့် ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံလည်း တည်ရှိနေသည်။

ဇူလိုင် ၃၁ရက် ည ၇နာရီခွဲခန့်တွင်တော့ "ဆည်ကတော့ စိုးရိမ်စရာ မရှိတော့ဘူး။ ဆည်က ရေကျသွားပြီ။ ကလေးမြို့ကတော့ မြို့တဝက်လောက် ရေဖုံးသွားပြီ။ ရေကတော့ အိမ်အားလုံး မြုပ်နေတာ။ ကလေးမြို့နယ်မှာ ကားလမ်း လေးလမ်းလုံး သွားလို့မရတော့ဘူး။ ရထားလမ်းလည်း သွားလို့မရတော့ဘူး။ လေယာဉ်တစ်လမ်းပဲ အားကိုးစရာရှိတော့တယ်။ ရေက တစ်ပတ်လောက် ဆက်ကြီးမယ်ဆို ကလေးမြို့မှာ စားရေးသောက်ရေး ဒုက္ခရောက်နိုင်တယ်"ဟု ကိုဘကြူးက မဇ္ဈိမကို ပြောသည်။

ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေသည် ဇူလိုင်လ ၂၉ရက် နံနက် ၀၂း၃၀နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့ မြန်မာစံတော်ချိန် ၁၂း၃၀ နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၄၃)စင်တီမီတာ (၄-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၃၁ နေ့လည်က ထုတ်ပြန်ထားသည်။

လောလောဆယ်တွင် ကလေးမြို့ရေဘေးအတွက် မြို့ပေါ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လိုက်လံကူညီပေးနေပြီး စကိုင်းနက်မှ စပိဘုတ်များ၊ ကမ္ဘောဇဘဏ် နှင့် NLDA ပါတီ ဗဟို တို့မှ စားသောက်စရာများ နှင့် ဆန်များလာရောက်ကူညီနေသည်ဟု ဦးဘကြူးထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly