လူမှုကရုဏာ လိုအပ်ချက်များအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် သမ္မတ တိုက်တွန်း

လူမှုကရုဏာ လိုအပ်ချက်များအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် သမ္မတ တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ လူမှုကရုဏာလိုအပ်ချက်များ ပြည့်မီရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းအပြင် အာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လူမှုကရုဏာ အဖွဲ့အစည်းများနှင့် ပြည်သူလူထုကပါ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်သည်။

“လူမှုကရုဏာ လိုအပ်ချက်များ ပြည့်မီဖို့ဆိုရင် မြန်မာနိုင်ငံကြက်ခြေနီအသင်း တစ်ခုတည်းနဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ပါဘူး” ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နာယကလည်းဖြစ်သူ သမ္မတ ဦးထင်ကျော်က ပြောသည်။

နေပြည်တော်ရှိ MICC-2 တွင် မေလ ၈ရက်က ပြုလုပ်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်အနားတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရှေးဦးသူနာပြုစုခြင်းလုပ်ငန်း၊ ဘေးဒုက္ခကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက်ကြရန်လည်း သမ္မတဦးထင်ကျော်က အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။

၂၀၁၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီဖက်ဒရေးရှင်း၏ ကမ္ဘာ့ဘေးဒုက္ခဆိုင်ရာ အစီရင်ခံစာအရ ၂၀၀၆မှ ၂၀၁၅ခုနှစ်အထိ (၁၀)နှစ်အတွင်း မြန်မာနိုင်ငံတွင် ဘေးဒုက္ခခံစားရသူပေါင်း (၁၂)သန်းကျော် ရှိပြီး အသက်ဆုံးရုံးသူ (၁)သိန်း (၄)သောင်းနီးပါးရှိခဲ့သည်။

“ဒီအချက်ကို သုံးသပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူ (၁၀၀) ဘေးဒုက္ခခံစားရရင် (၁ဒဿမ ၁၃) ဦးနှုန်း သေဆုံးနေတာဖြစ်ပြီး ဒါဟာ အရှေ့တောင်အာရှနိုင်ငံများနဲ့ယှဉ်ရင် မိမိတို့နိုင်ငံဟာ ဘေးအန္တရာယ်ကျရောက်စဉ်ကာလ သေဆုံးမှုနှုန်း မြင့်မားနေသေးကြောင်းကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသည်။

ကြက်ခြေနီလုပ်ငန်းများ ဆောင်ရွက်ရင်း အသက်စွန့်လွှတ်၊ ကျန်းမာရေးချို့တဲ့၊ ထိခိုက်ဒဏ်ရာရခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရသလို ၎င်းတို့၏ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် စွမ်းဆောင်မှုများအပေါ် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းလည်း အခမ်းအနားတွင် သမ္မတ ဦးထင်ကျော်က ပြောဆိုခဲ့သည်။

ယခု ၂၀၁၇ခုနှစ်၊ မေလ (၈)ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်မှာ “လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ” ဟူ၍ သတ်မှတ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly