ဘောလုံးအကယ်ဒမီများအတွက် အပြီးသတ်လူရွေးခြင်း မန္တလေးတွင်ပြုလုပ်

ဘောလုံးအကယ်ဒမီများအတွက် အပြီးသတ်လူရွေးခြင်း မန္တလေးတွင်ပြုလုပ်
ဓာတ်ပုံ-MFF

မေ ၈ ။             ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ အကယ်ဒမီများတွင် ပညာသင်ကြားရန်အတွက် မျိုးဆက်သစ် လူငယ်ကစားသမားများအား အပြီးရွးချယ်ခြင်းကို မေလ ၈ ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည်။

AYA Bank Scouting Tour 2017 ၏ အသက် (၁၁)နှစ်အောက် လူငယ်ကစားသမား အပြီးသတ်ရွေးချယ်ရေး ဒုတိယနေ့အဖြစ်  မန္တလေးအကယ်ဒမီတွင် မေလ ၈ ရက်၊ နံနက် ၇ နာရီတွင် ကျင်းပခဲ့သည်။

ယနေ့ မေလ ၈ ရက်တွင် ၄ ယောက်တွဲ၊ ၈ယောက်တွဲကစားနည်းများဖြင့် အပြီးသတ်ရွေးချယ်ရေး ကော်မတီက စစ်ဆေးခဲ့သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။ လူငယ်ရွေးချယ်ရေး ပထမနေ့အဖြစ် မေလ ၇ ရက်က တစ်ယောက်ချင်း၊ နှစ်ယောက်တွဲကစားနည်းများဖြင့် စစ်ဆေးခဲ့သည်။

မန္တလေးတွင် ပြုလုပ်သောပွဲ၌ အသက် (၁၁)နှစ်အောက် လူငယ်ကစားသမား (၁၁၅)ယောက်ကို ပဏာမရွေးချယ်ရေးအဖွဲ့များက ရွေးချယ်ခဲ့သော်လည်း အပြီးသတ်ရွေးချယ်ရေး ၁၅ ဦး လာရောက်ရန် ပျက်ကွက်ခဲ့သည်။

လာရောက်ရွေးချယ်ခံသည့် လူငယ် အယောက် (၁၀၀)မှ(၆၀)ဦးကို ရွေးချယ်ကာ မန္တလေးဘောလုံးအကယ်ဒမီ နှင့် ပုသိမ်ဘောလုံးအကယ်ဒမီတို့အတွက် ရွေးချယ်မည်ဖြစ်သည်။

အပြီးသတ်လူစာရင်းတွင် ရွေးချယ်ခံရသည့် လူငယ်များစာရင်းကို မေလ ၁၅ ရက်နေ့ နေ့လည် ၁၂နာရီတွင် နိုင်ငံပိုင်သတင်းစာ၊ ပုဂ္ဂလိက သတင်းစာ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Facebook စာမျက်နှာတို့တွင် ဖော်ပြပေးမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၊ မန္တလေးအကယ်ဒမီ၊ ပုသိမ်အကယ်ဒမီ၊ အောင်ဆန်းကွင်းများတွင်လည်း လူကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

အောက်မြန်မာပြည်အတွက် မေလ ၂ ရက်နှင့် ၃ ရက်၊ နံနက် ၇ နာရီမှ ၁၁ နာရီအတွင်း အောင်ဆန်းကွင်းတွင် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ယခု အထက်မြန်မာပြည်အတွက်ရွေးချယ်ခြင်းဖြစ်သည်။

မျိုးဆက်သစ် လူငယ်ကစားသမား အပြီးသတ်ရွေးချယ်ရေး ရွေးချယ်ရေးကော်မတီကို မြန်မာ့လက်ရွေးစင်ဟောင်း ဦးတင်အောင် (ဂိုး)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး နှင့် နည်းစနစ်ဒါရိုက်တာဦးတင်မြင့်အောင်၊ ဂျပန်လူမျိုး မစ္စတာ တာကူ (မြန်မာဘောလုံးအကယ်ဒမီ နည်းပြချုပ်) ၊ဦးဝင်းသူမိုး (နည်းစနစ်ဒါရိုက်တာ၊ရန်ကုန်ယူနိုက်တက်)၊ ဦးဉာဏ်ဝင်း (မြန်မာ့လက်ရွေးစင်ဟောင်း)၊ဦးခင်မောင်လေး (မြန်မာ့လက်ရွေးစင်ဟောင်းမန္တလေး) တို့ဖြင့်ဖွဲ့စည်းထားပြီး လူငယ်များ၏ နည်းစနစ်ကျွမ်းကျင်မှု၊ ပါးနပ်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို လေ့လာကာ အမှတ်ပေးသွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

AYA Bank Scouting Tour 2017 ကို နိုင်ငံတဝန်းရှိ မြို့ကြီးမြို့ငယ် ၅၅ မြို့နယ်အထိ သွားရောက်ပြီး နည်းစနစ် အခြေခံရွေးချယ်မှုများ ပြုလုပ်ခဲ့ရာမှာ အသက် (၁၁)နှစ်၊ (၁၂)နှစ်အရွယ် လူငယ် ကစားသမား (၂၀၀၀)ကျော်ခန့် ရွေးချယ်ခံခဲ့ကြပြီး ၎င်းတို့အနက် အလားအလာကောင်းပြီး နည်းစနစ်အတိုင်း စစ်ဆေးခံယူနိုင်ခဲ့ကြသော ပဏာမ ကစားသမား ၂၂၉ ဦး ထွက်ပေါ်လာခဲ့ကာ ၎င်းတို့အနက် အပြီးသတ် ၈၅ ဦးသာ ရွေးချယ်သွားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly