ဦးဝင်းထိန်၏ စွပ်စွဲပြောဆိုချက်အပေါ် ကန့်ကွက်ပြစ်တင်ရှုံ့ချကြောင်း ကြံ့ခိုင်ရေးထုတ်ပြန်

ဦးဝင်းထိန်၏ စွပ်စွဲပြောဆိုချက်အပေါ် ကန့်ကွက်ပြစ်တင်ရှုံ့ချကြောင်း ကြံ့ခိုင်ရေးထုတ်ပြန်

ရန်ကုန်၊ မေ ၇ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းထိန်၏ မီဒီယာနှင့် တွေ့ဆုံစဉ် ပြောဆိုစွပ်စွဲချက်များအပေါ် ကန့်ကွက်ပြစ်တင်ရှုံံချကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မေလ ၆ ရက်တွင် သဘောထားထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

မေလ ၄ရက်တွင် နေပြည်တော်စည်ပင်ရိပ်သာ၌ ဦးဝင်းထိန်က မီဒီယာအချို့နှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်၍ မမှန်မကန်သတင်းလွှင့်သူများအပေါ် ၎င်း၏ ထင်မြင်ချက်ကို ပြောကြားမှုအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကန့်ကွက်စာထုတ်ပြန်ခဲ့သည်။ မေလ ၆ရက်တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယခုကဲ့သို့ ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သဘောထားထုတ်ပြန်ချက်တွင် ဦးဝင်းထိန်၏ ပြောဆိုမှုများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်းဆိုထားသည်။

ထို့ပြင် ဦးဝင်းထိန်၏ မဆင်မခြင်ပြောဆိုမှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြသနာများကို ပြောဆိုသည့် အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်တို့က တာဝန်ယူရမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည့်အပြင် "သတင်းစာရှင်းလင်းပွဲတွင် သံသယစိတ်ဖြင့် ထင်ယောင်ထင်မှား အမည်နာမထုတ်ဖော်ပြောဆိုခြင်းသည် အာဏာရပါတီအနေနှင့် သတိပြုဆင်ခြင်ရမည့် ကိစ္စဖြစ်ပါသည်" ဟု ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်အား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ကြေငြာချက်ထုတ်တယ်ဆိုတာကလည်း အန်ကယ်ဦးဝင်းထိန်က သူ့စိတ်ထဲရှိတာပြောတာဆိုပေမယ့် တစ်ဖက်ကအဖွဲ့အစည်း တစ်ရပ်ကို လာထိခိုက်တာကိုး။ အဲဒါကြောင့် နောင်ကျရင် အန်ကယ်ဦးဝင်းထိန်လို တာဝန်ရှိသူတစ်ယောက် အနေနဲ့ သတိထားဆင်ခြင်ပြောဆိုနိုင်အောင်ပါ။ အမုန်းတရားနဲ့ သံသယစကားတွေကို တာဝန်ရှိသူတစ်ယောက်အနေနဲ့မပြောသင့်ဘူးလေ။" ဟု ဖြေကြားသည်။

တပ်မတော်အပါအဝင် ဦးဝင်းထိန်၏ ပြောကြားမှုကို ကန့်ကွက်သူများအပေါ်ကိုလည်း ဦးဝင်းထိန်က ""ဦးနှောက်က စဉ်းစားတာ ပါးစပ်က ထွက်တာ။ စွပ်စွဲတာ မပါဘူး။ ဘယ်သူတွေလုပ်တာလဲဆိုတာ စွပ်စွဲတာ မပါဘူး။ စွပ်စွဲတာပါရင်တော့ ကျွန်တော့အလွန်" ဟု ပြန်လည်တုံ့ပြန်ခဲ့သေးသည်။

မေ ၄ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းအမှားများကို ဖြန့်ဝေသည့်ကိစ္စအတွက် မည်သူ၊ မည်သည့်အဖွဲ့များကိုသံသယရှိပါသလဲဟူသည့်မေးမြန်းချက်အပေါ် ဦးဝင်းထိန်က "ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာက အများကြီး၊ ကြံ့ခိုင်ရေးကပဲလုပ်သလား၊ အချို့ တပ်မတော်အဖွဲ့အစည်းကပဲ လုပ်သလား၊ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီမှာ ကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သမား မှန်းဆရခက်တယ်" ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly