ယခင်အစိုးရလက်ထက် ဧရာဝတီတိုင်း အစိုးရရန်ပုံငွေ သိန်း ရ၀,၀၀၀ထိ ရှိနိုင်ဟု လွှတ်တော်ဥက္ကဋ္ဌပြော

ယခင်အစိုးရလက်ထက် ဧရာဝတီတိုင်း အစိုးရရန်ပုံငွေ သိန်း ရ၀,၀၀၀ထိ ရှိနိုင်ဟု လွှတ်တော်ဥက္ကဋ္ဌပြော

ပထမအကြိမ် ဧရာဝတီတိုင်းအစိုးရ ရန်ပုံငွေများမှာ တင်ဒါများ၊ စိတ်ဝင်းစားကြေး၊ ကုမ္ပဏီများ လှူသည့်ငွေများဖြစ်ပြီး ရန်ပုံငွေ သိန်းခုနှစ်သောင်းအထိ လွှဲပြောင်းရန်ကျန်ရှိနိုင်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ သတင်းကြားသိသလောက် တင်ဒါတွေ၊ စိတ်ဝင်းစားကြေးတွေ ဝင်တာတွေ၊ အလှူငွေသီးသန့် ကုမ္ပဏီတွေက လှူတာရှိတဲ့ သိန်းပေါင်းသုံးသောင်းနဲ့ ခုနှစ်သောင်းကြားရှိတယ်။ ကျွန်တော်တို့ လွှတ်တော်က အစတည်းကလုပ်ခဲ့တာပါ။ အကြောင်းကြောင်းကြောင့် ဆိုင်းငံထားတာတွေဖြစ်ခဲ့တယ်။ ဘယ်လိုအနေအထားဆိုတာ စစ်ပြီးမှသိမှာပါ သတင်းရသလောက် အကြွေးဆုံးတာတွေရှိတယ်။ ပြန်ငွေမဝင်တာတွေရှိတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကပြောသည်။

အဆိုပါ အစိုးရဟောင်းလက်ထက် ရန်ပုံငွေကိစ္စကို ဖျာပုံမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဇေယျာမင်းသိန်းက ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းတွင် လွှတ်တော်၌ မေးမြန်းခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက စစ်ဆေးသွားမည်ဟု ပြန်လည်ဖြေကြားခဲ့ဖူးသည်။

ထိုသို့ဖြေကြားခဲ့ဖူးအပေါ်လည်း "ကတိကဝတ်နဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်ပေးဖို့ တိုင်းအစိုးရကိုသဝဏ်လွှာပို့ခဲ့ကြောင်း" တိုင်းလွှတ်တော်ဥက္ကဋ္ဌကဆိုသည်။

"ကျွန်တော်သိသလောက် ဘက်စုံဖွံဖြိုးရေးဖောင်းဒေးရှင်းက ဧရာဝတီ ပညာကျန်းမာဖောင်းဒေရှင်းလို့ပြောင်းသွားတယ်လို့သိတယ်”ဟုဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကမဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ ရန်ပုံငွေကိစ္စကို ဆက်လက် စိစစ်ဆောင်ရွက်နေကြောင်း လက်ရှိ တိုင်းအစိုးရအဖွဲ့၏ ဝန်ကြီးတစ်ဦးဖြစ်သူ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

"လွှတ်တော်မှာ မေးခွန်းမေးလာနဲ့ပတ်သက်ပြီး အစိုးရပြန်ဖြေထားတာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရအစည်းအဝေးမှာတင်ပြီး ဆွေးနွေးထားတာရှိတယ်။ စာရင်းချုပ်လည်းပါပါတယ်။ ဆက်လက်ဆောင်ရွက်နေမှုတွေရှိပါတယ်”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ပထမအကြိမ် အစိုးရ ရန်ပုံငွေကိစ္စနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်းသည့် ဖျာပုံကိုယ်စားလှယ်ဦးဇေယျာမင်းသိန်းက "သီးခြားဆွေးနွေးဖိုလည်းရှိပါတယ်။ တိုင်းအတွက်ဖွံဖြိုးရေးရန်ပုံငွေကို ပြန်လည်ရရှိနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာ”ဟု ပြောသည်။

အလားတူကိစ္စရပ်တစ်ခုဖြစ်သည့် မကွေးတိုင်းတွင်လည်း ယခင်အစိုးရလက်ထက်တွင် ကောက်ခံထားသည့် ရေနံလက်ယက်တွင်းလုပ်ငန်းရှင်များထံမှ ရရှိသည့် ဖွံဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ဘီလီယျံပျောက်ဆုံးနေခဲ့ပြီး ထိုအထဲမှ ၁ ဒသမ ၇ ဘီလီယံကို ကြံ့ခိုင်ရေးပါတီသို့ ယခင်ဝန်ကြီးချုပ်ဟောင်းက လှူဒါန်းခဲ့ပြီး နောက်ထပ် ၁ ဒသမ ၅၇ဘီလီယံကို ရွှေသုခငွေချေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly