မြိုင်​မြို့နယ်​ ပန်​းစွာ​ကျေးရွာက ​မြေအိုးလုပ်​ငန်​း

မြိုင်​မြို့နယ်​ ပန်​းစွာ​ကျေးရွာက ​မြေအိုးလုပ်​ငန်​း

မေ ၇ ။            ။ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပန်းစွာကျေးရွာ၌ပြုလုပ်သော မြေအိုးလုပ်ငန်းမှာ တနိုင်တပိုင် အဆင်ပြေလျက်ရှိကြောင်း ရွာသူရွာသားများထံမှ သိရသည်။ ပန်းစွာမြေအိုးလုပ်ငန်းမှာ မိသားစုလုပ်ငန်းဖြစ်ပြီး ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသော ရိုးရာလက်မှုလုပ်ငန်းဖြစ်ကြောင်း မြေအိုးပြုလုပ်သူ ရွာသူရွားသားများထံမှ သိရသည်။

“စားဖြစ်၊ နေဖြစ်ရုံကတော့ အဆင်ပြေပါတယ်။ မိသားစုလုပ်ငန်းဆိုတော့ မခွဲမခွာနေရတာပေါ့။ လွယ်တော့လွယ်ဘူးရယ် လုပ်ရကိုင်ရတာ ” ဟု ဦးမြင့်အောင်က မဇ္ဈိမသို့ပြောသည်။

မြေအိုးလုပ်ငန်းမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့့် အမျှ ပိုမို အဆင်ပြေလာကြောင်း သိရသည်။

“လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကစပြီး အိုးလုပ်ငန်းက ပိုမိုတွယ်ကျယ်လာတယ်။ လမ်းတွေ ဆက်သွယ်ရေးတွေကောင်း လာတော့ သယ်ရပြုရလွယ်ကူတာရယ် ပန်းစွာအိုးက နာမည်ကြီးပြီး ခိုင်ခန့် တာရယ်ကြောင့်   ယခုဆို လုပ်ရင်လုပ်သလောက် ရောင်းရတယ်” ဟု နှစ်နှစ်ဆယ်ကြာ မြေအိုးလုပ်ငန်း လုပ်ကိုင်လာသူ ဦးဖိုးထိန်က မဇ္ဈိမသို့ပြောသည်။

လက်ရှိချိန်တွင် ရွာခံ အိုးဝယ်သူထံရောင်းပါက ရွက်အိုးတစ်လုံး(၆၀၀)ကျပ်၊ အိုးမကြီးတစ်လုံး (၈၀၀)ကျပ်ဈေးပေါက်ပြီး အခြားဒေသသို့ကိုယ်တိုင်သွားရောင်းပါက ပိုမိုဈေးရကြောင်း သိရသည်။

ပန်းစွာမြေအိုးလုပ်ငန်းမှာ ဆောင်းရာသီတွင် ပိုမိုတွင်ကျယ်ပြီး ပခန်းကိုကြီးကျော်ပွဲ၊ ဇီးတော အမေရေယဉ်ပွဲ၊ ပြန်လှည့်ပွဲ၊ ကျောက်ကန်ပွဲ၊ အလယ်ကန်ပွဲတို့တွင် မြေအိုးလုပ်သူအချို့က ကိုယ်တိုင်ဆိုင်ဖွင့်၍ ရောင်းချကြကြောင်း သိရသည်။

ပန်းစွာကျေးရွာတွင် အိမ်ခြေ (၅၀၀)ကျော်ရှိပြီး အိမ်ခြေ(၁၀၀)ခန့်မှာ မြေအိုးလုပ်ငန်းဖြင့် အသက်မွေးကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးအထက်ပိုင်းတွင် ပန်းစွာအိုးမှာ နာမည်ထင်ရှားပြီး လူသုံးများကြောင်း ဒေသခံ အိမ်ရှင်မများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly