လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကောက်၍ ထောက်ပံ့မှုများ ပြုလုပ်မည်

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကောက်၍ ထောက်ပံ့မှုများ ပြုလုပ်မည်
ဓာတ်ပုံ ဇာနည်အောင်

မန္တလေးတိုင်းဒေသကြီးအတွင်း မေလ ၅ ရက်၊ ည ၇ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ရှိခဲ့ရာ တိကျသော ကူညီထောက်ပံ့မှုများ ပေးနိုင်ရန်အတွက် စာရင်းများကောက်ရန် ကွင်းဆင်း၍ စိစစ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

'' မနေ့က သပိတ်ကျင်း၊ စဉ့်ကူး နဲ့ ပြင်ဦးလွင်မှာ လေပြင်းတိုက်ခတ်လို့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်၊ ကနဦး ပျက်စီးဆုံးရှုံးမှု စာရင်းတွေ တက်လာတယ်၊ တိကျတဲ့ ကူညီထောက်ပံ့မှုတွေ ပေးနိုင်ဖို့ ကွင်းဆင်း စစ်ဆေးပေးနေပါတယ်၊ မကြာခင် ထောက်ပံ့ပေးသွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

စဉ့်ကူးမြို့နယ် ဆင်သေကျေးရွာအုပ်စုတွင် မေ(၅)ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်းဦးကျေးရွာ စာသင်ကျောင်းအမိုး ပျက်စီးခြင်း၊ ရွာသာကျေးရွာ စာသင်ကျောင်း KG ကျောင်းဆောင်ပေါ် သစ်ပင်ပြိုလဲမှုဖြစ်ပွားခြင်း၊ ဆင်သေကျေးရွာတွင် အိမ်(၁၄)လုံး၊ ရွာတော်ကျေးရွာတွင် အိမ်(၈)လုံး၊ ရွာသာကျေးရွာတွင် အိမ်(၁၉)လုံး၊ ကျွန်းဦးကျေးရွာတွင် အိမ်(၉)လုံး အမိုးလှန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ပြင်ဦးလွင် နှင့် သပိတ်ကျင်းတို့တွင် စာရင်းအတိအကျ ရရှိနိုင်ရန် ကွင်းဆင်းစိစစ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ကနဦး သတင်းအရ သိရသည်။

'' သပိတ်ကျင်း၊ စဉ့်ကူး နှင့် ပြင်ဦးလွင်က အတိအကျ စာရင်း မရသေးပါဘူး၊ လုံးဝပျက်စီးသွားတဲ့ အိမ်တွေအတွက် ကျပ်တစ်သိန်း ထောက်ပံ့ပေးပါတယ်၊ သွပ်မိုးလှန်တာ ကပ်မိုးလှန်တာ စတဲ့ တစိတ်တဒေသ ပျက်စီးဆုံးရှုံးမှုတွေကို သူတို့ ပျက်စီးဆုံးရှုံးမှုအလိုက် ပြုပြင်စရိတ် ပေးသွားမှာပါ၊ ထောက်ပံ့မှုတွေကို ပျက်စီးဆုံးရှုံးမှုအပေါ် မူတည်ပြီး ကျပ်တစ်သောင်း မှ ကျပ်တစ်သိန်းကြား ထောက်ပံ့ပေးသွားမှာပါ၊ ဆန် ၇ ရက်စာ နှင့် ပစ္စည်းလေးမျိုးကိုလည်း ထောက်ပံ့ပေးသွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဧပြီလ ၂၉ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာ (၁၇)ခု၊ အိမ်ခြေ(၁၈၈)အိမ်၊ မြို့တွင်း ဓာတ်တိုင် နှင့် မဟာဓာတ်အားလိုင်းမှ တာဝါတိုင် ၄ တိုင် ပြိုလဲခြင်း၊ ကြော်ငြာဆိုင်းဘုတ်တချို့ ပြိုလဲခဲ့ပြီး သေဆုံးသူတစ်ဦး၊ ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မေလ ၆ ရက်က အဆိုပါ ပျက်စီးဆုံးရှုံးမှုအတွက် ကျပ် ၈၉သိန်း  ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly