ဦးဝင်းထိန် ပြောစကား စွပ်စွဲတာ မပါဘူးလို့ တုန့်ပြန်

ဦးဝင်းထိန် ပြောစကား စွပ်စွဲတာ မပါဘူးလို့ တုန့်ပြန်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ လူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်တွင် NLD နှင့်ပတ်သက်ပြီး သတင်းမှားများ ဖြန့်ချိနေမှုအပေါ် ၎င်း၏ ပြောဆိုချက်များသည် တပ်မတော်ကို စွပ်စွဲခြင်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။

“ဘယ်သူထင်သလဲဆိုတော့ ဟိုကောင်တွေထင်တယ်။ ဒီကောင်တွေထင်တယ်။ ဦးနှောက်က စဉ်းစားတာ ပါးစပ်က ထွက်တာ။ စွပ်စွဲတာ မပါဘူး။ ဘယ်သူတွေလုပ်တာလဲဆိုတာ စွပ်စွဲတာ မပါဘူး။ စွပ်စွဲတာပါရင်တော့ ကျွန်တော့အလွန်။ စွပ်စွဲတာ မပါဘဲနဲ့ မခံနိုင်ဘူးဆိုရင်တော့ ဘယ်တတ်နိုင်မလဲ။ ဒါကတော့ ပန်းနဲ့ ပေါက်သလိုပေါ့” ဟု မေလ ၆ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးအပြီးတွင် ဦးဝင်းထိန်က ပြောသည်။

တပ်မတော်ဘက်က ယနေ့အချိန်ထိ ၎င်းအား တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိကြောင်းလည်း ဦးဝင်းထိန်က ဆိုသည်။

ဦးဝင်းထိန်အနေဖြင့် မေလ ၄ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုသည်ဟုဆိုကာ ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly