ပြင်သစ်သမ္မတလောင်း မက်ခရွန်ရဲ့ မဲဆွယ်ပွဲ လျို့ဝှက်စာရွက်စာတမ်းတွေ အွန်လိုင်းမှာ ပေါက်ကြား

ပြင်သစ်သမ္မတလောင်း မက်ခရွန်ရဲ့ မဲဆွယ်ပွဲ လျို့ဝှက်စာရွက်စာတမ်းတွေ အွန်လိုင်းမှာ ပေါက်ကြား

မေ ၆  ။              ။ ပြင်သစ် သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့် မဲပေးမှု မစတင်ခင်မှာပဲ သမ္မတလောင်းတစ်ဦး ဖြစ်တဲ့ အလယ်အလတ်ဝါဒီ အီမန်နျူရယ် မက်ခရွန်ရဲ့ မဲဆွယ်ပွဲ ဆိုင်ရာ အတွင်းရေး အချက်အလက်မှတ်တမ်းတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခုလို မဲပေးမယ့် ရက်မတိုင်ခင် အချိန်ကျမှ ယခုလို မဲဆွယ်မှု လျို့ဝှက်အချက်အလက်တွေ ပေါက်ကြားခဲ့မှုအပေါ် သမ္မတလောင်း မက်ခရွန်ရဲ့ မဲဆွယ်အဖွဲ့က ပြင်းပြင်းထန်ထန် ပြစ်တင်လိုက်ပြီး ယင်းဟာ မိမိတို့အပေါ် တမင်အထိနာအောင် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

မက်ခရွန်ရဲ့ မဲဆွယ်ပွဲနဲ့ စပ်လျင်းတဲ့ အီးမေးလ်တွေ၊ အထောက်အထားအချက်အလက်တွေနဲ့ အခြားဖိုင်တွဲတွေကိုတော့ EMLEAKS ဆိုတဲ့ ဟက်ကာအုပ်စုတစ်စုက ပြီးခဲ့တဲ့ သောကြာနေ့က အွန်လိုင်းပေါ် ဖြန့်ဝေလိုက်ခြင်းက  အမေရိကန်ရွေးကောက်ပွဲ ဆိုက်ဘာတိုက်ခိုက်မှုလိုမျိုး မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းလိုက်ခြင်းဖြစ်ကြောင်း မက်ခရွန်ရဲ့အဖွဲ့က ပြောပါတယ်။

အသက် ၃၉ နှစ်သာရှိသေးတဲ့ မက်ခရွန်နဲ့ ၎င်းရဲ့ ပြိုင်ဘက် လက်ယာယိမ်းဝါဒီ မရင်းန် လီပန် တို့ဟာ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဒုတိယအဆင့်မဲပေးမှုအတွက် မဲဆွယ်မှုတွေကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး သောကြာနေ့ ညလယ်ပိုင်းမရောက်ခင် မိနစ်ပိုင်းအလိုကမှ ယင်း အချက်အလက်ပေါက်ကြားမှု ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲတုန်းကလည်း သမ္မတလောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန်ရဲ့ ရွေးကောက်ပွဲမဲဆွယ် အီးမေးလ်တွေ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရပြီး ယင်းအချက်ဟာလည်း ပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်သွားရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ရပ်အဖြစ် ရှိခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly