ဘေးကင်းဇုန်အဖြစ် ဆီးရီးယားနယ်မြေဧရိယာများတွင် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ရပ်ဆိုင်းထားပြီးဟု ရုရှပြော

ဘေးကင်းဇုန်အဖြစ် ဆီးရီးယားနယ်မြေဧရိယာများတွင် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ရပ်ဆိုင်းထားပြီးဟု ရုရှပြော

မော်စကို၊ မေ ၆ ။             ။ အီရန်နှင့် တူရကီနှင့် ချုပ်ဆိုထားသော သဘောတူညီမှုအတိုင်း ဘေးကင်းဇုန်များ ဖန်တီးရန် ဆီးရီးယားရှိ နယ်မြေဧရိယာများတွင် ဗုံးကြဲတိုက်ခိုက်ခြင်းများကို  ယခင်ကတည်းက ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း ရုရှက မေ ၅ ရက်တွင် ပြောသည်။

အပစ်ရပ်စဲရေးအကောင်အထည် ပေါ်လာရေးအလို့ငှာ စစ်ပွဲဒဏ်သင့် ဆီးရီးယားရှိ သူပုန်ထိန်းချုပ်နယ်မြေများတွင် ဘေးကင်းဇုန်လေးရပ် ဖော်ဆောင်နိုင်ရေးအတွက် ရုရှနိုင်ငံ၏ အစီအစဉ်အတိုင်း အဆိုပါ သုံးနိုင်ငံက မေ ၄ ရက်တွင် သဘောတူ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

မေ ၆ ရက်တွင် အသက်ဝင်မည်ဟု ရုရှက ပြောထားသော အဆိုပါ သဘောတူပဋိညာဉ်အရ တိုက်ပွဲများနှင့် လေကြောင်းထိုးစစ်များ ရပ်တန့်ထားမည်ဖြစ်သော ဘေးကင်းဇုန်များ၏ နယ်စပ်ဧရိယာများ သတ်မှတ်ပြဌာန်းရေးအတွက် သုံးနိုင်ငံအနေဖြင့် အချိန်တစ်လအတွင်း သတ်မှတ်ရမည်ဖြစ်သည်။

ဆီးရီယားသမ္မတ ဘာရှာအယ်အာဆတ်ဖက်က ကူညီထောက်ပံ့နေသည့် မော်စကိုသည် ယခုသဘောတူညီမှုအတွက် စိတ်အေးစရာတစ်ရပ်အနေဖြင့် သတ်မှတ်ထားသော ဇုန်များတွင် ဗုံးကြဲခြင်းများကို ယခင်ကတည်းက ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း ပြောခဲ့သည်။

“အဲဒီဇုန်နယ်မြေမှာ ရုရှရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်ဆိုင်းထားတာက မေ ၁ ကတည်းကပါပဲ။”ဟု ရုရှစစ်တပ် အကြီးတန်းတပ်မှူး ဆာဂျီရုစ်ခွိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရုရှနိုင်ငံအနေဖြင့် အာဆတ်အစိုးရဖက်က ရပ်တည်ကာ ဆီးရီးယားကို စစ်ရေးအရ ဝင်ပါပြီးနောက် ခြောက်နှစ်တာ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေး နောက်ဆုံးလုပ်ဆောင်မှုအဖြစ် ယခုဘေးကင်းဇုန်များကို ဖော်ဆောင်လာခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags