အဆင့်မြှင့် ပြုပြင်တော့မည့် ဆိပ်ကမ်းမှာ နေ့စဉ်သွားလာမှု အခက်အခဲရှိဟု ဆို

အဆင့်မြှင့် ပြုပြင်တော့မည့် ဆိပ်ကမ်းမှာ နေ့စဉ်သွားလာမှု အခက်အခဲရှိဟု ဆို

ရန်ကုန်၊မေ ၅ ။                ။ ရန်ကုန် ဒလ ကူးတို့ဆိပ်ကို အဆင့်မြှင့်တင် ပြုပြင်တော့မည့်အပေါ် ဆိပ်ကမ်းနဲ့ နေ့စဉ် ထိတွေ့နေရသော ပြည်သူတချို့ကလည်း အခက်အခဲများရှိကြောင်း ပြောသည်။

ရန်ကုန်-ဒလ ဆိပ်ကမ်းကို နေ့စဉ် အသုံးပြုနေကျ ခရီးသည်တစ်ဦးဖြစ်သူ အငြိမ်းစားဝန်ထမ်း ဦးထိန်မြင့်ကတော့ "သဘောၤကပ်တဲ့အခါကျတော့ လူကူးတဲ့နေရာနဲ့ သဘောၤနဲ့က ကွာတော့ ကလေးတွေအတွက် အန္တရာယ်ရှိတယ်"ဟု ပြောသည်။

ရန်ကုန် ဒလ ကူးတို့ဆိပ်များကို နောင်နှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးချုပ် ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းလွှတ်တော်မှာ ဧပြီလ ၂၈ရက်က ပြောခဲ့ခြင်း ဖြစ်ပြီး ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးစံကျော်ရဲ့ အမေးကို ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

အဆိုပါ ရန်ကုန်-ဒလ ဆိပ်ကမ်း၌ ဂိတ်ထိုးသည့် ဆိုက်ကားဆရာတစ်ဦးက မိုးတွင်းပိုင်းမှာပါ လုံလုံခြုံခြုံသွားလာနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။

"အဆင့်မြှင့်တယ်ဆိုရင် အိမ်သာဘောတံတားရော နှစ်ခုလုံးက ပိုကောင်းတာပေါ့ ။ပြောရမယ်ဆိုရင် သုံးခုလုံး သာမာန်တွေပါ ပါတယ်ဗျာ။ အကုန်လုံးကို မြှင့်စေချင်တယ်"ဟု ဆိုက်ကားဆရာ ကို ဉာဏ်ထွန်းက ပြောသည်။

ထိုသို့ အဆင့်မြှင့်ရာတွင် ဆိပ်ခံတံတားများ ခိုင်ခံ့မှု ရှိစေရေး၊ သန့်စင်ခန်းများနှင့် ဆိပ်ကမ်း အတွင်း၊ အပြင် ပြင်ဆင်မှုများ ပါဝင်မည် ဖြစ်သည်ဟု သိရသည်။

ရန်ကုန်-ဒလ ဆိပ်ခံဘောတံတားကို အမှီပြုပြီး ဈေးရောင်းချနေသူ တစ်ဦးဖြစ်သူ ဒလမြို့နယ်မှ ကိုလေးက ဘောတံတားများကို ပြုပြင်ပေးဖို့လိုကြောင်း ဘောတံတားများပေါ်တွင် အပေါက်များ သစ်သားစများ ပဲ့ထွက်နေတာ ရှိကြောင်း ပြောပြသည်။

ယခုလက်ရှိတွင် ဆိပ်ခံဘောတံတားများဟာ မိုးတွင်းရေစိုနေချိန်တွင် ခရီးသည်တွေ ချော်လဲတက်ပြီး ပြုပြင်ဖို့လိုနေကြောင်း ဒလမြို့နယ်မှာ နေထိုင်သူ ကိုကျော်မျိုးချစ်က ဆိုသည်။

"အိမ်သာတွေပေါ့ ဝင်းထဲကိုဝင်လာတာနဲ့ အနံ့အသက်တွေက မကောင်းဘူး ။ အဲ့တာလေးတွေ ပြုပြင်ဖို့လိုတယ်"ဟု သူက ဆက်ပြောသည်။

ရန်ကုန် ဒလ ဆိပ်ကမ်း၌ ရှိသည့် တံတားများကို အဆင့်မြှင့်တင်ခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသေးစိတ် ရေးဆွဲသွားမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကာ ဆိပ်ကမ်း အတွင်းအပြင်ကိုမူ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြှင့်တင်သွားမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ဧပြီလ ၂၈ရက်က ရန်ကုန်တိုင်းလွှတ်တော်၌ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly