ဦးဝင်းထိန်၏ ပြောဆိုမှုအား တပ်မတော်က ပြင်းထန်စွာ ကန့်ကွက်

ဦးဝင်းထိန်၏ ပြောဆိုမှုအား တပ်မတော်က ပြင်းထန်စွာ ကန့်ကွက်

ရန်ကုန် ၊ မေ ၅ ။                  ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်၏ တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုများကို   ပြင်းထန်စွာ ကန့်ကွက်ပြီး လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၅ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ NLD ပါတီနှင့်ပတ်သက်သော အွန်လိုင်းပေါ်၌ ပြန့်နှံ့သည့် သတင်းများအား မဟုတ်မမှန်ကြောင်း သတင်းမီဒီယာများနှင့်   တွေ့ဆုံရှင်းလင်းစဉ် ဦးဝင်းထိန်မှ "ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီမှာ ကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလားမှန်းဆရခက်တယ်" ဟု ဖြေဆိုခဲ့မှုကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို အစဉ်တစိုက် ဦးတည်ဆောင်ရွက်နေသော ကာလဖြစ်သောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေဖြင့် နိုင်ငံ၏ စည်းလုံးညီညွတ်မှုထိခိုက်စေသော နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုအား ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly