ကမ္ဘာ့ ကိုယ်အလေးချိန် အများဆုံး အမျိုးသမီး ယူအေအီးတွင် ဆေးကုသမှု သွားရောက်ခံယူ

ကမ္ဘာ့ ကိုယ်အလေးချိန် အများဆုံး အမျိုးသမီး ယူအေအီးတွင် ဆေးကုသမှု သွားရောက်ခံယူ

မေ ၅ ။            ။ ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံး အီဂျစ်နိုင်ငံသူ အမျိုးသမီးဟာ အိန္ဒိယမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ယခုအခါ ယူအေအီးနိုင်ငံ အဘူဒါဘီက ဆေးရုံတစ်ခုမှာ ပြောင်းရွှေ့ ကုသမှုခံယူ နေလျက်ရှိကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အီမန် အာမက်ဒ် အက်ဘ် အယ်လ် အီတိုင် ဆိုသူ အမျိုးသမီးဟာ ပြီးခဲ့တဲ့မတ်လက မွမ်ဘိုင်းမြို့မှာ ခွဲစိတ်ကုသမှု မခံယူခင် အချိန်က ကိုယ်အလေးချိန် ၅၀၀ ကီလိုဂရမ် (ပေါင် ၁,၁၀၀) ရှိခဲ့ရာကနေ ယင်းခွဲစိတ်မှုကြောင့် သူမရဲ့ မူလကိုယ်အလေးချိန်ကနေ များစွာ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သူမအနေနဲ့ အခြားသော ဆက်စပ် ကျန်းမာရေး ချို့ယွင်းမှု ပြဿနာတွေဖြစ်တဲ့ ဆင်ခြေထောက်ရောဂါလိုမျိုး ဝေဒနာတွေနဲ့ ခံစားနေရလျက်ရှိပါတယ်။

သူမဟာ ဆေးကုသမှုခံယူဖို့ အိန္ဒိယကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အထူးလေယာဉ်နဲ့ ရောက်ရှိခဲ့ပြီး သုံးလအတွင်း အလေးချိန် ၃၂၃ ကီလိုအထိ အံ့အားသင့်ဖွယ် လျော့ကျသွားခဲ့တယ်လို့သိရပါတယ်။

သူမရဲ့ လက်ရှိကိုယ်အလေးချိန်ဟာ ၁၇၆ ဒသမ ၆ ကီလို ရှိနေပြီး အဘူဒါဘီမြို့က VPS Burjeel ဆေးရုံမှာ တစ်နှစ်ကြာ ကုထုံးတစ်ခုနဲ့ စတင် ကုသမှုခံရယူဖို့ရှိနေတယ်လို့ အိန္ဒိယက သူမကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေက ပြောပါတယ်။

လက်ရှိအချိန်မှာ အကြောသေဝေဒနာကိုပါ ခံစားနေရသလို စကားကိုလည်း ကောင်းစွာ ပြောဆိုနိုင်သေးခြင်းမရှိသေးကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly