တရုတ်တို့ရဲ့ ပထမဆုံး ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး ပွဲဦးထွက် စမ်းသပ်ပျံသန်း

တရုတ်တို့ရဲ့ ပထမဆုံး ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး ပွဲဦးထွက် စမ်းသပ်ပျံသန်း

မေ ၅ ။           ။ ပြည်တွင်းမှာပဲ ထုတ်လုပ်ခဲ့တဲ့ တရုတ်တို့ရဲ့ ပထမဆုံးသော ခရီးသည်တင်လေယာဉ်ကြီးဟာ မေလ ၅ ရက်ကပဲ ပွဲဦးထွက် စမ်းသပ်ပျံသန်းခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခုလို ပထမဆုံးသော ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး အောင်မြင်စွာ ပျံသန်းနိုင်ခဲ့မှုက ကမ္ဘာ့လေကြောင်းလုပ်ငန်းကဏ္ဍမှာ နေရာတစ်နေရာ ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်အစိုးရအတွက် အရေးပါတဲ့ မှတ်တိုင်သစ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ကိုယ်ထည်ကျဉ်းလေယာဉ်ကြီး C919 ဟာ မေလ ၅ ရက်က ရှန်ဟိုင်းမြို့က ပူဒေါင် နိုင်ငံတကာလေဆိပ်ကနေ ပျံတက်သွားခဲ့တာဖြစ်ပြီး လာရောက်ကြည့်ရှုသူ လူအုပ်ကြီးက တစ်ခဲနက် အားပေးကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

Boeing 737 နဲ့ Airbus A320 တို့ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ တရုတ်တို့ရဲ့ ယခု C919 ခရီးသည်တင်လေယာဉ်ကြီးပေါ်မှာတော့ လေယာဉ်မှူးတွေနဲ့ အင်ဂျင်နီယာ စုစုပေါင်း ငါးဦး တို့လိုက်ပါသွားတယ်လို့ သိရပါတယ်။

လေယာဉ်ပေါ်မှာတော့ ခရီးသည်ထိုင်ခုံတွေ တပ်ဆင်ထားရသေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

နိုင်ငံပိုင်  စီးပွားဖြစ် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း COMAC က ထုတ်လုပ်တည်ဆောက်ခဲ့တဲ့ ယင်း C919 လေယာဉ်ကြီးကိုတော့ ၂၀၁၄ ခုနှစ် နောက်ပိုင်း စမ်းသပ်ပျံသန်းဖို့ နှစ်ကြိမ်အထိ ကြိုးပမ်းခဲ့ပေမယ့် အခက်အခဲတစ်ချို့ကြောင့် အစီအစဉ်ကို နောက်ဆုတ်ထားခဲ့ရတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly