သတင်းမှားနှင့် ကောလာဟလ ဖြန့်ချိမှုများအပေါ် အရေးယူမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်

သတင်းမှားနှင့် ကောလာဟလ ဖြန့်ချိမှုများအပေါ် အရေးယူမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်

နေပြည်တော်(မေ ၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ သတင်းမှားများ ဖြန့်ချိ၍ ကောလာဟလများဖြင့် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားစေရန် ဆောင်ရွက်နေမှုများအပေါ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက မေလ ၄ရက်၊ ညနေပိုင်းက သတင်းထုတ်ပြန်လိုက်သည်။

“တည်ငြိမ်မှုကို ပျက်ပြားစေပြီး လူထုအတွင်း ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ သတင်းမှားနှင့် ကောလာဟလ ဖြန့်ချိမှုများ အထူး သတိပြုရေး” ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် လူမှုကွန်ယက်စာမျက်နှာ အချို့တွင် NLD သတင်း သီးသန့်၊ NLD Central News စသည့် အမည်တုများဖြင့် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် စပ်လျဉ်းပြီး သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိလာခဲ့ပြီး အင်တာနက် စာမျက်နှာအချို့တွင်လည်း ဆက်လက် ဖြန့်ချိနေကြောင်း ဖော်ပြထားသည်။

အဆိုပါ NLD Central News ဟူသည့် ဖေ့စ်ဘွတ်စာမျက်နှာတွင် သမ္မတရာထူးမှ ဦးထင်ကျော် နှုတ်ထွက်မည်ဟူ၍ လည်းကောင်း၊ သူရဦးရွှေမန်းအတွက် အစိုးရအဖွဲ့နှင့် NLD ၏ ထိပ်သီးနေရာ တစ်နေရာ မကြာမီ ခန့်အပ်သွားမည်ဟူ၍ လည်းကောင်း၊ NLD ၏ ဗဟိုကော်မတီအစည်းအဝေးသို့ သူရဦးရွှေမန်း တက်ရောက် ဟူ၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ဦးဝင်းထိန်က သတိပေးစာ ထုတ်မည်ဟူ၍ လည်းကောင်း စသဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထိုသို့ သတင်းမှားနှင့် ကောလာဟလ ဖြန့်ချိမှုများသည် “၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်နှင့်အညီ နိုင်ငံ့တာဝန်ကို ရယူထမ်းဆောင်လျက်ရှိသော နိုင်ငံတော်အစိုးရလက်ထက် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေရန် ကောလာဟလများ ကြီးထွားလာပြီး ပြည်သူများအကြား ကျီးလန့်စာစား အခြေအနေများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အဖျက်အမှောင့် လုပ်ဆောင်သူများ၏ သတင်းမှားနှင့် ကောလာဟလများ ဖြန့်ချိနေမှုများကို အလွယ်တကူ ယုံကြည်ခြင်း မပြုဘဲ အထူးသတိပြု ဆင်ခြင်နိုင်ကြပါရန် အသိပေးလျက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly