မန္တလေးသရက်သီးစျေးကွက်ကို စင်္ကာပူလုပ်ငန်းရှင်အချို့ လာလေ့လာ၊ မေလအတွင်း စျေးဖြတ်ရောင်းချနိုင်ရန် စီစဉ်နေ

မန္တလေးသရက်သီးစျေးကွက်ကို စင်္ကာပူလုပ်ငန်းရှင်အချို့ လာလေ့လာ၊ မေလအတွင်း စျေးဖြတ်ရောင်းချနိုင်ရန် စီစဉ်နေ

 မန္တလေးသရက်သီးစျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် သရက်သီး အမျိုးအစား၊ အရည်အသွေး နှင့် စျေးနှုန်းများကို (၂၀၁၇)ခုနှစ် ဧပြီလနောက်ဆုံးအပတ်မှစတင်၍ စင်္ကာပူလုပ်ငန်းရှင်တချို့က လာရောက်လေ့လာလျက်ရှိရာ မေလ ဒုတိယအပတ်တွင် စျေးဖြတ် ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့သရက် စျေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

 ''မန္တလေး သရက်သီးစျေးကွက်ကို စင်္ကာပူကုမ္မဏီက လာရောက်ကွင်းဆင်းလေ့လာနေတယ်၊ သူတို့က မန္တလေးက သရက်သီးကိုပဲ အဓိက ၀ယ်ယူဖို့ လေ့လာနေကြတာပါ၊ ဒီနေ့ထိ စျေးမဖြတ်ရသေးဘူး၊ လာမည်အပတ်ထဲမှာ စျေးဖြတ်ပြီး ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်'' ဟု မြန်မာ့သရက် စျေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အလုပ်အမှုဆောင် ဦးကျော်စိုးနိုင်က ပြောသည်။

 ယခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သရက်သီးစိုက်ခင်းဧက တစ်သိန်းလေးသောင်းကျော် စိုက်ပျိုးထားပြီး ရာသီဥတုအခြေအနေ၊ ပိုးကျမှုများကြောင့် ယခင်နှစ်ထက် အထွက်နှုန်း နည်းပါးနိုင်ကြောင်း၊ လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သရက်သီးစိုက်ခင်းဧက ငါးပုံ တစ်ပုံသာ စတင်ရောင်းချလျက်ရှိကြောင်း ၎င်းက ဆိုသည်။

''အရင်နှစ်ကလည်း အထွက်နှုန်းနည်းခဲ့တယ်၊ ဒီနှစ်လည်း အထွက်နှုန်း နည်းနိုင်တယ်၊ စျေးကွက်အတွင်း ငါးပုံ တစ်ပုံလောက်ပဲ ရောင်းချနေတာ တွေ့ရတယ်၊ နိုင်ငံခြားက လာရောက်လေ့လာတာတွေ ရှိလာတော့ နောက်နှစ်တွင် အထွက်နှုန်းတိုးဖို့ မျှော်လင့်ချက်နဲ့ ဒီနှစ်မှာ ဧကတိုးချဲ့စိုက်ပျိုးတာတွေ လုပ်နေကြပါတယ်'' ဟု မြန်မာ့သရက်စျေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အလုပ်အမှုဆောင် ဦးကျော်စိုးနိုင်က ပြောသည်။

သရက်သီးစျေးကွက်တွင်း စိန်တစ်လုံး သရက်သီး အိတ်စွတ် (၁၆)ကီလို တစ်ဖာလျှင် ကျပ်(၁၉၁၀၀) မှ ကျပ်(၂၅၀၀၀)ကြား စျေးရှိနေပြီး စိန်တစ်လုံး သရက်သီး အိတ်လွတ်် တစ်ခြင်းလျှင် ကျပ်(၁၁၀၀၀) မှ ကျပ် (၁၅၀၀၀)ကြား စျေးရှိပြီး မန္တလေးသရက်သီးစျေးကွက်အတွင်း စစ်ကိုင်း နှင့် မတ္တရာ သရက်သီးများ ၀င်ရောက်လာမှုကြောင့် စျေးကွက်ပြိုင်ဆိုင်မှုများ ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly