နိုင်ငံရေးမတည်ငြိမ်အောင် စီမံချက်ရှိရှိ အဖွဲ့လိုက် လုပ်ဆောင်နေဟုဆို၊ လိုအပ်ပါက ကိုယ်တိုင် တရားစွဲမည်ဟု ဦးဝင်းထိန် ပြော

နိုင်ငံရေးမတည်ငြိမ်အောင် စီမံချက်ရှိရှိ အဖွဲ့လိုက် လုပ်ဆောင်နေဟုဆို၊ လိုအပ်ပါက ကိုယ်တိုင် တရားစွဲမည်ဟု ဦးဝင်းထိန် ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်ရောက်ရှိနေချိန်အတွင်း ပြည်တွင်းတွင် နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် မမှန်သတင်းများလွှင့်ပြီး စီမံချက်ရှိရှိ လုပ်ဆောင်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတချို့တွင် ပြန့်နှံ့နေသည့် သမ္မတဦးထင်ကျော် အနားယူပြီး သူရဦးရွှေမန်းအား သမ္မတခန့်အပ်မည့်ကိစ္စ၊ NLD ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ သူရဦးရွှေမန်း တက်ရောက်ဆိုသည့် ကိစ္စနှင့် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား သတိပေးစာထုတ်မည်ဆိုသည်ကိစ္စများနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် မီဒီယာများနှင့်တွေ့ဆုံကာ ဦးဝင်းထိန်က ရှင်းလင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဲ့ဒီဟာတွေက တစ်ခုမှ မဟုတ်ဘူး။ အဲ့ဒါတွေကို အကုန် Print Out လုပ်ထားပြီးတော့ မနေ့က ပြည်ထဲရေးဝန်ကြီး ဦးကျော်ဆွေကို တယ်လီဖုန်းနဲ့ သတင်းပို့လိုက်တယ်။ သတင်းပို့လိုက်တော့ သူက ရဲမှူးကြီးတစ်ယောက် လွတ်လိုက်တယ်။ CID က ၊ အဲ့ဒီရဲမှူးကြီးကို အဲ့ဒါတွေ ပြောပြီးမှ ဖော်ထုတ်ပါ။ ရလို့ရှိရင် တရားဥပဒေအရ အရေးယူမယ်လို့တော့ ပြောလိုက်တယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

ထိုကဲ့သို့ မမှန်သတင်းထုတ်သည့် လက်သည်အား မှန်းဆရခက်သော်လည်း စီမံချက်ရှိရှိဖြင့် အဖွဲ့လိုက် လုပ်ဆောင်နေခြင်းဟု ဦးဝင်းထိန်က ကောက်ချက်ချလိုက်ပြီး လိုအပ်ပါက ကိုယ်တိုင်တရားစွဲဆိုသွားမည်ဟု ၎င်းက ပြောဆိုသည်။

“အခုဟာက စီမံချက်ရှိရှိနဲ့ အဖွဲ့လိုက်လုပ်တဲ့ကိစ္စမို့လို့ လိုအပ်ရင် ကျွန်တော်ကိုယ်တိုင် တရားစွဲမယ်။ မလိုအပ်လို့ ရှိရင် ပါတီက တာဝန်နည်းတဲ့တစ်ယောက်ကို တာဝန်ပေးမယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ထို့ပြင် နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဦးဝင်းထိန်က မှန်းဆထားသည်။

“မှန်းဆကြည့်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားခရီးသွားတယ်။ တလောက ဖိလစ်ပိုင်သွားတယ်။ အခုဆိုရင် ဥရောပသွားတယ်ဆိုတော့ ကြားထဲမှာ လစ်ဟာနေတဲ့ကာလမှာ ဘောင်ဘင်ခတ်အောင်ပေါ့။ နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်နေတယ်လို့ပဲ ကျွန်တော် ကောက်ချက်ချတယ်” ဟု သူက ပြောသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly