မေတ္တာရေစင်လား၊ ဆေးကြိမ်လုံးလား

မေတ္တာရေစင်လား၊ ဆေးကြိမ်လုံးလား
အစ္စလာမ်ဘာသာဝင်များမှ အဝတ်အစားအသစ်များဝတ်ဆင်ပြီး အစ်နေ့တွင် မိသားစုဝင်များနှင့် အတူတကွ ပျော်ရွင်စွာ သွားလာလှုပ်ရှားနေကြသည်ကို ဇူလိုင်လ၂၉ ရက်က ဆူးလေလမ်းပေါ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ပျိုးခဲ့တာကြာပါပြီ၊ ပျိုးခဲ့တာကြာလို့လည်း အတော်ကြီးကို ခက်မတွေဝေဖြာနေတာပေါ့။ မျိုးစေ့ချတုန်းကလည်း မြင်လိုက်တယ်။ အပင်ပေါက်ကလေး ပြုစုပျိုးထောင်ပေးနေတာလည်း တွေ့တယ်။ သြဇာမြေဆွေး ရေကိုပေးတာ ဘယ်သူဘယ်ဝါဆိုတာလည်း သိနေတာပဲ။ အပွေးမြင်အပင်သိရုံ ဘယ်ကမလဲ၊ အပင်ရဲ့ ရာဇဝင်တစ်ခုလုံးကို ဒက်ကနဲ၊ ဒက်ကနဲ မောင်မှန်ပြောချလိုက်လို့ ရပါတယ်။ ဒါပေမဲ့ မပြောဘူး၊ အဟဲ မပြောဘူးဆိုတာထက် မပြောရဲဘူးဆိုတာ ပိုမှန်ပါလိမ့်မယ်။ မပြောရဲသော်လည်းပဲပေါ့လေ ပြည်သူအများ အကျိုးပွားစရာ အကြောင်းတွေ ရှိတာမို့ အကြောက်တရားကို ခေါက်ထားပြီး မဖောက်မပြား ပြောပါတော့မယ်ခင်ဗျာ။

ခက်မတွေ ဝေဖြာနေတဲ့အပင်ကြီးဟာ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှု အပင်ကြီးပါ။ အင်္ဂလိပ်ကိုလိုနီခေတ်ကစလို့ မျိုးစေ့ချလာလိုက်တာ၊ နောက်လူ နောက်လူများကလည်း   ရေလောင်းပေါင်းသင်လာလိုက်ကြတာ အခုတော့ ပန်းပေါင်းဝေဆာနေပါပြီ။ ဥယျာဉ်မှူး ပန်းမခူးရဆိုတဲ့ သီချင်းရှိပေမဲ့ ဒါကျတော့ ပြောင်းပြန်ခင်ဗျ။ ဥယျာဉ်မှူးအဆက်ဆက်ကချည်းပဲ ပန်းတွေခူးကြတာ၊ အသီးတွေ ဆွတ်ကြတာ၊ ပြည်သူတွေကိုတော့ ဒီအပင်ကြီးက နေ့နေ့ညည ညောင်ပင်တစ္ဆေ အမြဲေခြောက်ပြနေတာ၊ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်ဆိုပေတဲ့ ဒီလိုအပင်မျိုးကျ သစ်တစ်ပင်ကောင်း ပြည်သူအပေါင်း ဒုက္ခရောက်ပဲ၊ မရောက်ခံနိုင်ရိုးလား၊ စစ်အာဏာရှင်တွေရဲ့ တစ္ဆေညောင်ပင်ကြီးပေကိုး။

NLD အစိုးရသစ်တက်လာတော့ ဒီတစ္ဆေညောင်ပင်ကြီးကို အမြစ်ကမလှန်နိုင်ရင်တောင် အကိုင်းအခက်တွေ အတော်ချိုင်ပစ်နိုင်လိမ့်မယ်လို့ ပြည်သူတွေနဲ့အတူ မောင်မှန် မျှော်လင့်ခဲ့မိတယ်။ NLD အာဏာပိုင်တွေဘက်ကလည်း ကလေးအငိုတိတ်အောင် ရိပ်ယောင်ပြတယ်။ ဖိုးလနတ်သား လုပ်ပြနေတာမို့လား။ ဝမ်းစမိုး ဘရာဗိုးပေါ့။

အစိုးရသစ်လက်ထက်မှာ အမှောင့်ပယောဂတွေ တော်တော်လေး ငုပ်သွားတာတော့ အမှန်ပဲ။ ညောင်ပင်တစ္ဆေ စုန်းကဝေ ရွာသူတွေက အစိုးရသစ်ကို ပုတီးကိုင်တဲ့ အထက်လမ်းဆရာလား၊ ကြိမ်လုံးကိုင်တဲ့ ဆရာလား စောင့်ကြည့်လေ့လာနေခဲ့ပုံရပါတယ်။ အထက်လမ်းဆိုရင်တော့ သိပ်ပြဿနာမရှိဘူး။ မေတ္တာရေစင် ရေမန်းလောက်နဲ့ပဲ ပက်ဖျန်းမှာ၊ ဆေးကြိမ်လုံးဆိုရင်ကတော့လား၊ တစ်ခါတည်း သေသွားမယ်၊ ရှင်သွားမယ်၊ မသေမရှင်ဖြစ်သွားမယ်၊ ဘာမှတ်သလဲ မနှစ်က ရန်ကုန်တစ်ဖက်ကမ်းမှာ ပယောဂဆရာတွယ်တည့်လိုက်တာ။ ကလေးတွေပါ ရှောဘရားသား ကုန်တာသိတယ်မို့လား၊ ဧပြီလထဲမှာလည်း ဟိုပုန်းမှာ အပူးအကပ်တွေ ခွာလိုက်တာ လူကြီးတစ်ယောက်ရုပ်နဲ့ နာမ်ကွာသွားပါရောလား။ (ဗမာပြည်မှာ ဒီလိုအဖြစ်မျိုးတွေ ရှိပါတယ်။)

ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြတ်ပြတ်သားသား ပြောတယ်။ မဟန ဆရာတော် အရှင်သူမြတ်များက ကြေညာချက် ထုတ်တယ်။ မောင်မှန်တို့အားတက်ရတယ်။ စောင့်ကြည့်နေသူတွေ အားပျက်ရတယ်။ ဒီလိုနဲ့ တာမွေ ဗိုလ်စိတ်မှန်ကွင်းမှာ သွေးပူလေ့ကျင့်ခန်း ဆင်းကြည့်တယ်။ သတင်းသမားတွေကို ရန်ရှာကြည့်တယ်၊ ရပ်ကွက်နေလူထုက ဒါတွေကို လက်မခံဘူး။ အမှောင့်ပယောဂတွေ ယာယီဆုတ်ခွာသွားတယ်၊ သူတို့ အခြေအနေကောင်းပြီထင်တဲ့အချိန်မှာ ရန်ကုန် ဝိုင်အမ်စီအေနဲ့ ပြည်မြို့မှာ ထပ်စမ်းသပ်တယ်။ မေတ္တာရေစင်လောက်ပါပဲလို့ ယူဆသွားကြဟန် ရှိပါတယ်။ ဦးကိုနီလုပ်ကြံခံရတဲ့ကိစ္စ၊ Myanmar Now သတင်းသင်းထောက်ချုပ် ဦးဆွေဝင်းကိစ္စတွေ ဆက်တိုက်လို ဖြစ်လာတယ်။ မေတ္တာရေစင်လိုလို ဆေးကြိမ်လုံးလိုလို ပြန်ဖြစ်လာပြန်တယ်။

ခုနောက်ဆုံး သာကေတ အနော်မာပွဲကတော့ တိတိကျကျ အဖြေပေးရမယ့် ပွဲပါပဲ။ စွပ်စွဲသူတွေ စွပ်စွဲသလို အာရဗီစာသင်ကျောင်းတွေမှာ ဝတ်ပြုတယ်ပဲထား၊ အဲသလို ဝတ်ပြုခြင်းဟာ (တရားတာ မတရားတာထား) တည်ဆဲဥပဒေတွေနဲ့ မညီညွတ်ဘူးပဲထား၊ ဖြေရှင်းရမယ့်နည်းကတော့ ဒီနည်းမဟုတ်ဘူးလေ။ ဒီလိုမျိုး အုပ်စုဖွဲ့ အင်အားသုံးတဲ့နည်းကို ခွင့်ပြုပေးလိုက်မယ်ဆိုရင်တော့ တစ်တိုင်းပြည်လုံး အရိုင်းခေတ်ကို ပြန်ရောက်သွားတော့မှာပေါ့။ ဘာသာရေးအပိုင်းတင်မက အခြားအပိုင်းတွေမှာလည်း ဒီဖော်မြူလာ ရောက်ရှိလာတော့မှာပေါ့။ အကြွေးပြန်မပေးလို့ အုပ်စုဖွဲ့ပြီး အိမ်ထဲကပစ္စည်းတွေ သိမ်းလိုက်တယ်တို့၊ ကိုယ့်နှမကို စော်ကားလို့ သူ့နှမကို အုပ်စုဖွဲ့ အနိုင်ကျင့်ပစ်လိုက်တယ်ဆိုတာတွေ ကြားလာမြင်လာရလိမ့်မယ်။ (ခုလည်း ချဲ၊ နှစ်လုံးမလျော်လို့ဆိုပြီး အိမ်ထဲဝင် ပစ္စည်းသိမ်းတဲ့ ကိစ္စတွေ ကြားနေရတာပဲ)

အင်အားကြီးသူက ခေါင်းစဉ်ကိုတပ်ချင်သလို တပ်မှာပေါ့။ ဟုတ်ချင်လည်းဟုတ်မယ်၊ ဟုတ်ချင်မှလည်းဟုတ်မယ်၊ ခေါင်းစဉ်အတပ်ခံ ကျူးလွန်ခံရသူကတော့ အရင်ဆုံး နစ်နာဆုံးရှုံးသွားပါပြီ။ NLD အစိုးရ အစိုးရမဖြစ်ခင်ကတည်းက ပြောလာတဲ့ တရားဥပဒေစိုးမိုးရေး အစိုးရဖြစ်လာတော့လည်း ကျယ်ကျယ်လောင်လောင် အောင်နေတဲ့ တရားဥပဒေစိုးမိုးရေး၊ အိုး.....ဝေးပြီဘေဘီပဲ၊ တရားဥပဒေစိုးမိုးရေး ကင်းမဲ့အောင် ရပ်ရွာတည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် မောင်မှန်တို့ ပြည်သူတွေ ကျီးလန့်စာစား အမြဲတမ်း ထိတ်လန့်တုန်လှုပ်နေအောင် ဘယ်သူတွေ ဖန်တီးစီရင်နေပါသလဲ။ ဆင်တစ်ကောင်လုံးတွေ့နေပါလျက် ခြေရာရှာရခက်နေတာ မခက်ပေဘူးလား ခင်ဗျာ။

မောင်မှန်တို့ ဗုဒ္ဓဘာသာဝင်တွေကိုရော ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ အဲဒီလို အုပ်စုဖွဲ့ အနိုင်ကျင့်ခံရရင်ရော ဘယ်လိုသဘောထားကြမလဲ၊ ဒါကလည်း စကားရှိလို့ တရားသိအောင်သာ မေးနေရတာပါ။ တကယ်တမ်းမှာ ဒီကိစ္စတွေ အားလုံးဟာ ဘာသာရေး၊ လူမျိုးရေး၊ ပြဿနာတွေမှ မဟုတ်ဘဲ၊ ဘာသာရေး၊ လူမျိုးရေးအသွင်ယူထားတဲ့ မျက်နှာဖုံးတပ်ထားတဲ့ နိုင်ငံရေးပဋိပက္ခ စစ်စစ်တွေပါ။ ကိုလိုနီနယ်ချဲ့ခေတ်က ကုလားဗမာ အဓိကရုဏ်းက စလို့ ပွဲစဉ်အဆက်ဆက်ဟာ အုပ်စိုးသူများက သူတို့ရဲ့ အကျပ်အတည်းကို ထွက်ပေါက်ရဖို့ ဖန်တီးခဲ့တာချည်းပါပဲ။ အခုတော့ ၂၀၁၅ ကစလို့ မူကွဲလေးနည်းနည်းနည်း ရှိလာတယ်။ မူကွဲဆိုတာလည်း သဏ္ဍာန်ပါ။ အနှစ်သာရက မကွဲပါဘူး။ 

အနော်မာသောင်ကမ်းဆိုတာ ဗုဒ္ဓအလောင်းတော် သိဒ္ဓတ္တမင်းသား လောကလူသားတို့အတွက် ငြိမ်းချမ်းရေးကို ရှာဖွေပေးဖို့ ဆံတော်ပယ်ခဲ့တဲ့ စခန်းဖြစ်ပါတယ်။ အော်.... အခုတော့ မောင်မှန်လည်း မျှော်သာမျှော်သည် မယုံကြည် ရင်မှာဝေဒနာ အပွင့်အခက် အဝါအနီဆိုတဲ့ ဦးသိန်းတန်ကြီး သီချင်းလိုပါပဲခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly