သယံဇာတခိုးထုတ်သည့် နိုင်ငံခြားသားများကို လွတ်ငြိမ်းခွင့်ပေးခြင်းက တရားဥပဒေကို စိန်ခေါ်ခြင်းဖြစ်ဟု ဝေဖန်

သယံဇာတခိုးထုတ်သည့် နိုင်ငံခြားသားများကို လွတ်ငြိမ်းခွင့်ပေးခြင်းက တရားဥပဒေကို စိန်ခေါ်ခြင်းဖြစ်ဟု ဝေဖန်
ဓာတ်ပုံ- အီးပီအေ

ရန်ကုန်၊ ဇူလိုင် ၃၁ ။     ။ ဇူလိုင် ၃၀ ရက်က လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား ၁၃ဦးသာ ပါဝင်သည်မှာ အလွန်နည်းပါးနေပြီး သယံဇာတ ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ဦးကို ဖမ်းဆီးပြီး ၈ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်ခြင်းက တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)နှင့်နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ တို့က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

"ယခုလို မိမိနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံမှ နိုင်ငံသားများက လုပ်ချင်တိုင်း ဝင်ရောက်လုပ်ကိုင်နေခြင်းသည် လုံခြုံရေးစည်းပေါက်သည် ဟု မှတ်ယူသည်။ ထိုသို့ဖြစ်ပျက်ခြင်းက တိုင်းသူပြည်သားများ အနေဖြင့်လည်း  အစိုးရအား အယုံအကြည်ကင်းမဲ့စေသော လုပ်ရပ်ပင်ဖြစ်သည်။"ဟု ဝေဖန်လိုက်သည်။

နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့်ဟုဆိုကာ တိုင်းပြည်သံယံဇာတများအား ခိုးယူခဲ့သည့် သစ်ခိုးဂိုဏ်းကြီးမှ ၁၅၅ ဦးအား ဥပဒေအရ တသတ် တကျွန်း ပြစ်ဒဏ်ချမှတ်ပြီး ၈ ရက်အကြာတွင် ချွင်းချက်မရှိလွှတ်ပေးလိုက်ခြင်းသည် ဥပဒေစိုးမိုးမှုကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

"မြန်မာနိုင်ငံတွင်နိုင်ငံခြားသားများ ကြိုက်သလို လုပ်နိုင်သည်ဟု အိမ်နီးချင်းနိုင်ငံမှ နိုင်ငံသားများမှ မှတ်ယူသွားနိုင်ပေသည်။" ဟု နိုင်/ကျဉ်းအဖွဲ့များက ဆိုလိုက်သည်။

ယင်းအပြင် အစိုးရက အကျဉ်းသားများအား လွှတ်ပေးမှုတွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် လွတ်ငြိမ်းခွင့်ပေးသည်ဟုဆိုထားသည်။

ယင်းရည်ရွယ်ချက်အရ အကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် ကြိုးစားလုပ်ဆောင်၍ နိုင်ငံရေးအရ ဖမ်းဆီးထားသော တိုင်းရင်သားလူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို အဓိက ဦးစားပေးလွှတ်ပေးရမည်ဟု နိုင်/ကျဉ်းဟောင်းများ နှင့် နိုင်/ကျဉ်း ကူညီစောင့်ရှောက်ရေး အသင်းတို့က ဆိုလိုက်သည်။

"သို့သော်လည်း လွတ်မြောက်အကျဉ်းသား ၇၀၀၀ နီးပါးတွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသာပါဝင်သည်မှာ အလွန်နည်းပါသော အရေအတွက်ဖြစ်သည့်အပြင် ရည်ရွယ်ချက်နှင့် ဆန့်ကျင်လျှက်ရှိနေပေသည်"ဟု ထုတ်ပြန်ချက်တွင် ဝေဖန်ထားသည်။

ဇူလိုင်လ ၃၀ရက်က သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား ၆၉၆၆ဦးတွင် ယူနတီဂျာနယ်မှ သတင်းသမားငါးဦး၊ ယခင်ထောက်လှမ်းရေး တပ်မှ အရာရှိကြီး ၃ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၃ဦးသာ ပါဝင်ခဲ့သည်။

သို့သော် ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုကြောင့် ဖမ်းဆီးခဲ့သည့် တရုတ်နိုင်ငံသား ၁၅၅ဦးကို ဇူလိုင်လ ၂၂ ရက်က ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (အပက ၃) ဖြင့် မြစ်ကြီးနား ခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ပြီးနောက် ၈ ရက်မြောက်နေ့ ဇူလိုင်လ ၃၀ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့ပြီး ချက်ချင်းပင် တရုတ်နိုင်ငံသို့ ပြန်လွှတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly