ရုပ်ရှင်စကားပြောခန်းများအတွက် နားကြပ်လေးများ ဂျွန်နီဒပ်အသုံးပြုခဲ့ကြောင်း သူ၏ မန်နေဂျာများပြောကြား

ရုပ်ရှင်စကားပြောခန်းများအတွက် နားကြပ်လေးများ ဂျွန်နီဒပ်အသုံးပြုခဲ့ကြောင်း သူ၏ မန်နေဂျာများပြောကြား

နာမည်ကျော်မင်းသားဂျွန်နီဒပ်သည် ရုပ်ရှင်စကားပြော ဇာတ်ဝင်ခန်းများ၌ ဇာတ်ညွှန်းအတွင်းပါရှိသည့် စာသားများကို အလွတ်မကျက်မှတ်ချင်သောကြောင့် နားကြပ်အသေးစားလေးများကို အသုံးပြုခဲ့ကြောင်း သူ၏ မန်နေဂျာဟောင်းများက အခိုင်အမာပြောကြားခဲ့သည်။

ယခုလို တအံ့တသြဖြစ်စေရသည့် အဖြစ်အပျက်သည် ဂျွန်နီဒပ်နှင့် သူ၏ မန်နေဂျာဟောင်းများကြား မြင့်တက်လာသော အငြင်းအခုံများနှင့်အတူ တရားရုံးအရှုပ်အရှင်းများမှ တဆင့် ပေါ်ထွက်လာခြင်းဖြစ်သည်။

ဂျွန်နီဒပ်သည် သူ၏ ကိုယ်ပိုင်ဝင်ငွေများကို ညံ့ဖျင်းစွာစီမံခန့်ခွဲခဲ့သော မန်နေဂျာဟောင်းများအား တရားစွဲဆို နေပြီး ထိုမန်နေဂျာများကလည်း မင်းသားဖြစ်သူအား တန်ပြန်တရားစွဲလျက်ရှိသည်။

ထိုသို့ အပြန်အလှန်စွပ်စွဲများထဲကမှ မန်နေဂျာများက ဂျွန်နီဒပ်သည် ရုပ်ရှင်ဇာတ်ညွှန်းမှ ဇာတ်ဝင်စာသားများကို အလွတ်မကျက်ချင်သောကြောင့် သူ့အတွက်ဖတ်ကြားပေးနိုင်မည့် အသံအင်ဂျင်နီယာများကို ဒေါ်လာသိန်းနှင့် ချီပေး၍ ငှားရမ်းခဲ့ကြောင်း ပြောခဲ့သည်။

ထိုနည်းလမ်းအတိုင်း ဂျွန်နီဒပ်သည် နှစ်ပေါင်းများစွာကြာအောင် ရုပ်ရှင်ထဲတွင် သရုပ်ဆောင်ခဲ့ကြောင်း မန်နေဂျာများဘက်မှ ပြီးခဲ့သော တနင်္လာနေ့တွင် ရုံးတော်သို့တင်ပြခဲ့သည့် အချက်အလက်များအရ သိရသည်။

သို့သော်လည်း ထိုစွပ်စွဲချက်များကို ဂျွန်နီဒပ်၏ ရှေ့နေဖြစ်သူက ငြင်းဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly