ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် ဂိုး ၅၀ သွင်းယူနိုင်သော ပထမဆုံးကစားသမားအဖြစ် စီရော်နယ်ဒို မှတ်တမ်းဝင်

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် ဂိုး ၅၀ သွင်းယူနိုင်သော ပထမဆုံးကစားသမားအဖြစ် စီရော်နယ်ဒို မှတ်တမ်းဝင်

မေ ၃၊ အင်္ဂလန် ။             ။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ရီးယဲလ်အသင်းက မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ရီးယဲလ်အတွက် အနိုင်ဂိုး ၃ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ဂိုး ၅၀ ပြည့် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ရှုံးထွက်အဆင့်သွင်းဂိုးက စုစုပေါင်း ၅၂ ဂိုးရှိပြီဖြစ်ပါတယ်။

ဒီဟက်ထရစ်ဟာ စီရော်နယ်ဒိုအတွက် ချန်ပီယံလိဂ်မှာ ရ ကြိမ်မြောက်သွင်းယူနိုင်ခဲ့တဲ ဟက်ထရစ်ဖြစ်ပြီး မက်ဆီနဲ့အကြိမ်အရေအတွက်တူညီသွားရတဲ့ ဟက်ထရစ်လည်းဖြစ်ပါတယ်။

အခုဆိုရင် စီရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်သွင်းဂိုးက ၁၀၃ ဂိုးအထိရှိသွားခဲ့ပါပြီ။ မက်ဆီထက် ၉ ဂိုးအသာရနေပြီး ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။

အက်သလက်အသင်းရဲ့ ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်းက ဂိုး ၁၀၀ ပဲရှိသေးတာကြောင့် စီရော်နယ်ဒိုက အက်သလက်တစ်သင်းလုံးထက် ၃ ဂိုးပိုသွင်းယူထားနိုင်ပါတယ်။

ပွဲအပြီးမှာတော့ စီရော်နယ်ဒိုက အခုလိုဆိုပါတယ်။ ‘ရီးယဲလ်အတွက် ဂိုး ၄၀၀ ပြည့်သွင်းယူနိုင်ခဲ့လို့ ၀မ်းသာမိပါတယ်။ ဂိုးတွေကို ကျွန်တော်ကသွင်းယူခဲ့တယ်ဆိုပေမယ့် အသင်းရဲ့ကစားပုံက အလွန်ကောင်းမွန်ခဲ့ပါတယ်။ ၃--၀ ဂိုးဆိုတဲ့ရလဒ်က အရမ်းကောင်းတဲ့အသာရမှုဖြစ်ပေမယ့် ဒုတိယအကျော့ကျန်ပါသေးတယ်’

ဒီနိုင်ပွဲကြောင့် ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပြီဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ချန်ပီယံလိဂ်လို့နာမည်ပြောင်းလဲလိုက်ပြီးနောက်ပိုင်း ၂ နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်တဲ့ အသင်းဖြစ်လာဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags