ဖရဲသီးနှင့် သခွားသီးမှ လွဲ၍ ကျန်သီးနှံများ ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနေ

ဖရဲသီးနှင့် သခွားသီးမှ လွဲ၍ ကျန်သီးနှံများ ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနေ
တရုတ်မြန်မာနယ်စပ်ရှိ မူဆယ်မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်းတွင်းမည့် ဖရဲသီးများအား ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် ထုတ်ပိုးတင်ဆောင်နေသည်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

မေ ၃ ။          ။ မြန်မာနိုင်ငံ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးကဏ္ဍတွင် ဖရဲသီးနှင့် သခွားသီး မှလွဲ၍ ကျန်သီးနှံများ ပြည်တွင်းထုတ်လုပ်မှုကျဆင်းနေကြောင်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စို်က်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။

မေလ ၂ ရက်၊ နေ့လည်ပိုင်းတွင် UMFCCI ၌စီမံကိန်းနှင့် ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

သီးနှံများ ပြည်တွင်းထုတ်လုပ်မှု ကျဆင်းရသည့် အဓိကအကြောင်းရင်းများမှာ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးသွင်းအားစုများ စျေးကြီးနေခြင်းနှင့် ရင်းနှီးမြှုပ်နှံရန် တောင်သူများ၌   ငွေကြေးမလုံလောက်ခြင်းကြောင့်ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။

ထို့ပြင် အိမ်နီးချင်း နိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံတွင်း၌ အချို့ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာစျေးများ နှစ်ဆ မှ သုံးဆ အထိမြင့်တက်နေပြီး နေ့စဉ်နိုင်ငံခြားမှ တင်သွင်းလာသော အသီးအနှံများကို ပြည်တွင်းလုပ်ငန်းရှင်များ မယှဉ်နိုင်ကြောင်း ဝန်ကြီးသို့ ပြောခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက " မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ တစ်ဆင့် လက်ရှိထက် ချေးငွေအစီအစဉ်များတိုးမြှင့်ကာ သစ်သီးဝလံ လုပ်ငန်းရှင်များအတွက် ချေးငွေစီစဉ်ပေးမည်" ဟု ဆိုသည်။

ထို့ပြင် ထုတ်လုပ်မှု မကျဆင်းသော ဖရဲသီးနှင့် သခွားသီးများကို တောင်သူများထံမှ ဝယ်ယူပြီး နိုင်ငံခြားနှင့် ပြည်တွင်းစျေးကွက်သို့ ထိရောက်စွာ ပို့ဆောင်နိုင်ရေး အသင်းက ဝင်ရောက်လုပ်ကိုင်ရန် ဝန်ကြီးက ပြောခဲ့သည်။

သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စို်က်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းအနေဖြင့် သီးနှံအလိုက် အထူးဇုန်များ ထူထောင်ရန် ဆောင်ရွက််ရန် ဆန္ဒရှိကြသည်။ လက်ရှိအနေဖြင့် ကျိုက် ထိုမြို့တွင် ကျွဲကော ဧက ၈၀၀ ခန့်စိုက်နေပြီး သိုလှောင်ထုတ်ပိုးရုံများ တည်ဆောက်ထားကာ ဟဲဟိုးမြို့တွင် ပဲနှင့် ထောပတ်သီးအထူးဇုန်လုပ်မည့် အစီအစဉ်ရေးဆွဲထားကြောင်း သိရသည်။

နိုင်ငံခြားဝင်ငွေ ထောက်ပံ့ပေးနေသည့် ဝဥနှင့် ဖာလာစေ့ တို့အား သစ်တောထွက်ကုန်အဖြစ်မှ စိုက်ပျိုးရေးထွက်ကုန် အဖြစ် ပြင်ဆင်သတ်မှတ်ပေးရန် အသင်းမှ တင်ပြတောင်းဆိုမှုအပေါ် ဝန်ကြီးက စီးပွားရေးကော်မတီတွင် ပြန်လည်သုံးသပ်ရန် တင်ပြပေးမည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly