အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ဆောင်နေဟု ကာကွယ်ရေး ဒုဝန်ကြီးပြော

အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ဆောင်နေဟု ကာကွယ်ရေး ဒုဝန်ကြီးပြော
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေ ၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ အစိုးရက ချမှတ်ထားသည့် မူဝါဒအတိုင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က မေလ ၂ရက်တွင် ပြောကြားသည်။

“ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ တပ်မတော်နဲ့ တိုက်ရိုက်ပတ်သက်တဲ့အတွက်ကြောင့် မူဝါဒတွေ၊ ပေါ်လစီတွေအားလုံးကို နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ချမှတ်ပေးထားတဲ့ အစိုးရအဖွဲ့ရဲ့ မူဝါဒအပေါ်မှာ ဆောင်ရွက်ပြီးတော့ လုပ်ရပါတယ်” ဟု ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။

အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ထိုသို့ မီဒီယာများ၏ မေးမြန်းမှုကို ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့နှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အစိုးရ၏ မူဝါဒအတိုင်း ဆောင်ရွက်လျက်ရှိသလို တပ်မတော်နှင့် သက်ဆိုင်သည့် ကိစ္စများတွင်လည်း တပ်မတော်ကို တင်ပြပြီး ဆောင်ရွက်လျက်ရှိသည်ဟု ဗိုလ်ချုပ် မြင့်နွယ်က ဆိုသည်။

“တပ်မတော်ရဲ့ မူဝါဒက ချမှတ်ပေးထားတာ ရှိတယ်။ ဒါနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်။ အဓိကတော့ အစိုးရအဖွဲ့ရဲ့ ချမှတ်ထားတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ အဓိကတာဝန်မှာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးကို ဆောင်ရွက်ရသည်ဟုလည်း ဗိုလ်ချုပ် မြင့်နွယ်က ဆိုသည်။

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရခြင်း ဖြစ်သည်။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံတော်ဗဟိုဘဏ်နှင့် နေပြည်တော်ကောင်စီတို့မှ တာဝန်ရှိသူများက အစိုးရသက်တမ်း တစ်နှစ်တာအတွင်း လုပ်ဆောင်ချက်များအား အသီးသီး ရှင်းလင်းကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly