နိုင်ငံသားစီစစ်ခံသက်သေခံကတ်ပြား(NVC)ကို မန္တလေးနှင့် ရန်ကုန်ရှိ တရုတ်များ ထုတ်ယူခွင့်မရှိ

နိုင်ငံသားစီစစ်ခံသက်သေခံကတ်ပြား(NVC)ကို မန္တလေးနှင့် ရန်ကုန်ရှိ တရုတ်များ ထုတ်ယူခွင့်မရှိ

နေပြည်တော် ၊ မေလ ။             ။ မေလ ၂  ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော အစိုးရသစ်၏ ပထမတစ်နှစ် တာကာလအတွင်း ဆောင်ရွက်မှု အခြေနေရှင်းလင်းပွဲတွင် နိုင်ငံသားစီစစ်ခံရမည့် သူများ၏ သက်သေခံကတ်ပြား(NVC)ကို မန္တလေးနှင့် ရန်ကုန်ရှိ တရုတ်များအား မထုတ်ပေးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

အဆိုပါ နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား(NVC) ကို နယ်စပ်ဒေသများတွင်သာ ထုတ်ပေးခြင်းဖြစ်သည်။ 

“အဓိကကတော့ နယ်စပ်ဒေသတွေမှာပဲ ဒီ NVC ထုတ်ပေးတာပါ။ ရန်ကုန်တို့ မန္တလေးတို့မှာနေတဲ့ တရုတ်တွေကိုတော့ မပေးပါဘူးခင်ဗျ” ဟု ပြောသည်။

မန္တလေးတွင် ရှိသော တရုတ်များအနေဖြင့်  နိုင်ငံသား လျောက်လို့မရဘူးဟု ၄င်းကဆိုခဲ့ပြီး အဆိုပါတရုတ်များသည် Business ဗီဇာနှင့် လာရောက် စီးပွားရေးလုပ်ကိုင်ခြင်းဖြစ်ပြီး ထူးခြားချက်အနေဖြင့် တရုတ်လူမျိုးနှင့် ကိုးကန့်လူမျိုးဆိုသည်ကို ခွဲခြားဖို့ လိုပြီး ထိုလူနှစ်မျိုးသည် တရုတ်စကားကိုသာ ပြောခြင်းကြောင့် ဖြစ်ကြောင်း ဦးမြင့်ကြိုင်ကဆိုသည်။

ကိုးကန့်လူမျိုးများသည် တိုင်းရင်းသား၁၃၅ မျိုးတွင် ပါ၀င်ပြီး အဆိုပါတရုတ်လူမျိုးများသည် Business ဗီဇာဖြင့် လာ၍ စီးပွားရေးလုပ်သောတရုတ်များရှိသလို ကိုးကန့်လူမျိုးများသည်လည်း စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအရ မန္တလေးထိ လာရောက် လုပ်ကိုင်ကြောင်း သိရသည်။

“မန္တလေးမှာရှိတဲ့တရုတ်က နိုင်ငံသားလျှောက်လို့မရဘူးဗျ။ သူကတော့ ဗီဇာနဲ့လာပြီးတော့ စီးပွားရေးလုပ်တာပဲ ဖြစ်မယ်။ နောက်တစ်ခုထူးခြားတာက တရုတ်လား၊ ကိုးကန့်လား ခွဲခြားဖို့လိုပါတယ်။ ကိုးကန့်ကလည်း စကား ပြောတော့ တရုတ်လိုပဲ ပြောတယ်။ ဒါပေမယ့်ကိုးကန့်က တိုင်းရင်းသား ၁၃၅ မျိုးမှာ ပါပါတယ်။ မန္တလေးက တရုတ်တွေသွားကြည့်ရင် Bussiness ဗီဇာနဲ့လာပြီး စီးပွားရေးလုပ်တဲ့တရုတ်တွေရှိသလို ကိုးကန့်တွေသူ့စီးပွား ရေး အရလုပ်ငန်းဆောင်ရွက်မှုအရ မန္တလေးအထိပါလာပြီး အခြေချပြီး လုပ်တာလည်းရှိပါတယ်။ မန္တလေးလာပြီး စီးပွားရေးလုပ်တဲ့ တရုတ်ကတော့ နိုင်ငံသားကတ်ရပြီးသား တရုတ်တွေဖြစ်ပါတယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly