ဝါရှင်တန် ထိပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

ဝါရှင်တန် ထိပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

မေ ၂ ။              ။ ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး တစ်ခုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ကြောင်း မြန်မာတာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အရှေ့တောင်အာရှက သံတမန်တွေ တွေ့ဆုံကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု ၀ါရှင်တန် အစည်းအဝေးကို တက်ရောက်နိုင်မှာ မဟုတ်တဲ့အတွက် တစ်ခြားသော အကြီးတန်းအရာရှိကြီးတစ်ဦးကို သူမကိုယ်စား တက်ရောက်စေမှာဖြစ်တယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့် ကြာသပတေးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Tillerson နဲ့ တွေ့ဆုံသွားဖို့ရှိနေပြီး ကုန်သွယ်ရေးကိစ္စ၊ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုကိစ္စရပ်တွေအပါအဝင် တစ်ခြားအရေးကြီးကိစ္စတွေ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

" နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို သွားမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒီနေ့တစ်နေ့တည်းမှာပဲ အီးယူနဲ့ တွေ့ဖို့ အခြားအစည်းအဝေးတစ်ခု ရှိနေလို့ပါ" လို့ ဦးဇော်ဌေးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ရောက်ရှိနေလျက်ရှိပါတယ်။

ယခု ၀ါရှင်တန်အစည်းအဝေးကိုတော့ သူမရဲ့ ကိုယ်စား အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက တက်ရောက်သွားမှာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly