မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ရဲ့ ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်

မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ရဲ့ ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်

မေ ၂၊ အင်္ဂလန် ။              ။ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ရဲ့ ဒူးဒဏ်ရာကို အမေရိကန်နိုင်ငံမှာ ခွဲစိတ်ကုသခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။

မိုဗစ်ရဲ့ဒဏ်ရာအခြေအနေက ကိုးလလောက်အနားယူရမှာ ဖြစ်ပေမယ့် ဘောလုံးသမားဘဝ အဆုံးမသတ်သေးဘူးလို့ သူ့ရဲ့အေးဂျင့်ရွိုင်အိုလာက ပြောဆိုခဲ့ပါတယ်။

မိုဗစ်ဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခေါင်းတိုက်တိုက်ရင်း ပြန်အကျ၊ အကျမတော်ပဲ ဒူးအရွတ်ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

‘မိုဗစ်ရဲ့ခွဲစိတ်ကုသမှုက အောင်မြင်ပါတယ်။ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝ လာပါလိမ့်မယ်။ သူ့ရဲ့ကစားသမားဘဝ အဆုံးမသတ်သေးပါဘူး။

ဒဏ်ရာအမြန်သက်သာပြီး ကြ့ံခိုင်မှုပြန်လည်ရရှိဖို့ အားကစားနဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ UPMC ရဲ့အစီအစဉ်နဲ့ အခုအချိန်ကစပြီး စတင်ပြုလုပ်နေပါပြီ။ မိုဗစ်အနေနဲ့ ဒေါက်တာဖူနဲ့   ဒေါက်တာမူဆက်တို့ရဲ့ ပြုစုကုသမှုအောက်မှာ ဆက်ရှိနေဦးမှာပါ။

အခုအချိန်မှာ မိုဗစ်နဲ့ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို အင်တာဗျူးလုပ်လို့ရဦးမှာ မဟုတ်ပါဘူး။ မကြာခင်မှာ နောက်ထပ်တိကျတဲ့ သတင်းတွေကို ထပ်မံထုတ်ပြန်ပေးသွားပါမယ်’ လို့ အေးဂျင့်ရွိုင်အိုလာက ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ယခုနှစ်ရာသီမှာ မန်ယူအသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲပေါင်းစုံ ၂၈ ဂိုးအထိသွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

မိုဗစ်ကို မန်ယူအသင်းက တစ်နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် မိုဗစ်က သူ့ရဲ့ဒဏ်ရာပြဿနာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly