အပူချိန်မြင့်မားမှုကြောင့် လေဖြတ်ခြင်းအပါအဝင် အသက်အန္တရာယ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်

အပူချိန်မြင့်မားမှုကြောင့် လေဖြတ်ခြင်းအပါအဝင် အသက်အန္တရာယ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်

ရန်ကုန် ။            ။ ယခုနှစ်အပူဒဏ် မြင့်မားမှုကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က  မေလ ၂ ရက်နေ့က သတိပေးထားသည်။

“လေထုထဲမှာ ရေငွေ့တွေပါ၀င်မှုများပြီး အပူချိန်မြင့်တက်နေသောနေ့များတွင် Heat Index ခေါ် Feel Temperature မြင့်တက်မှုကြောင့် ခန္ဓာကိုယ် ခံစားရတဲ့အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ် ကျော်လွန်ပါက Heatstroke ရတတ်ပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ဦးထွန်းလွင်က ပြောထားသည်။

မေလ ၂ ရက်နေ့ အပါအဝင် ယခုရက်ပိုင်း မြန်မာပြည်အလယ်ပိုင်းနှင့်အောက်ပိုင်းဒေသများတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိနေပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသ   မြစ်ဝကျွန်းပေါ်ဒေသနှင့်   တောင်ပိုင်းဒေသများတွင် အထူးသတိထားရန် လိုအပ်သည်။ အပူချိန်မြင့်မားမှုကြောင့် အသက်အရွယ်ကြီးရင့်သူ၊ ကလေးသူငယ်နှင့် ရောဂါအခံရှိသူများတွင် အဖြစ်များတတ်ပြီး အထူးသဖြင့် ညနေပိုင်းအချိန်များတွင်  သတိထားနေထိုင်ရန် လိုအပ်သည်။

ယခုနှစ်နွေရာသီတွင် အပူဒဏ်ကြောင့် အနိမ့်ဆုံးအနေနှင့် ကြွက်တက်နိုင်ပြီး အမြင့်ဆုံးအနေနှင့် အသက်အန္တရာယ်ရှိနိုင်သော လေဖြတ်သည်အထိ ဖြစ်ပေါ်နိုင်သည်။

အထူးသဖြင့် ဆီးချို ငှက်ဖျားနှင့် အဆုတ်ရောင်ရောဂါကဲ့သို့ အစရှိသည့် ရောဂါအခံရှိသူများ၌ ပိုမိုဖြစ်ပွားလေ့ရှိကြောင်း ရန်ကုန်ဆေးရုံကြီး အပူပိုင်းဒေသနှင့် ကူးစက်ရောဂါဌာနမှ ပါမောက္ခဒေါက်တာ မိုးမိုးစမ်းက ပြောသည်။

"နောက်ဆုံးတစ်ဆင့်တက်တဲ့ဟာကတော့ အပူကြောင့်လေဖြတ်ခြင်းပါပဲပေါ့နော် HeatStoke လို့ ခေါ်ပါတယ်။ အပူချိန်က ၁၀၄ ထက် ကျော်တယ် ။ သူက ထူးခြားတာကတော့ အပူချိန်များသော်လည်း ချွေးမထွက်နိုင်တော့ဘူးရှင့်။ အဲဒါရယ် ပြီးတော့ သတိလစ်တာ ကယောင်ကတမ်းပြောတာတွေ ဖြစ်ပြီ ဆိုလို့ရှိရင်တော့ အပူကြောင့် လေဖြတ်ခြင်း ဖြစ်ပါပြီ။  အဲဒါဆိုရင်တော့ ချက်ချင်းဆေးရုံတင်ဖို့ လိုပါလိမ့်မယ်"ဟု သူက ဆိုသည်။

အပူဒဏ်ကြောင့် Heat Stroke ဟုခေါ်သော လေဖြတ်ခြင်း ဖြစ်လျှင် အသက်အန္တရာယ်ရှိခြင်းကြောင့် လူနာကို ချက်ချင်းဆေးရုံပို့ရမည်ဖြစ်သည်။

အပူချိန်မြင့်မားသည့် နေ့လည်အချိန်၌ ပြင်ပတွင်အလုပ်လုပ်ရသူများအနေဖြင့် အရိပ်ရသောနေရာများတွင် ခေတ္တခဏ အနားယူပြီး ရေဓာတ်ဖြည့်သင့်ကြောင်း ပါမောက္ခဒေါက်တာ မိုးမိုးစမ်းက ပြောထားသေးသည်။

"ဒီလိုမျိုး အပူချိန်မြင့်တက်တဲ့ အချိန်တွေမှာ နေပူအောက်မှာအကြာကြီးပဲနေမယ်။ ပြီးတဲ့အခါကျတော့ အထူးသဖြင့်တော့ ဆောက်လုပ်ရေးဝန်ထမ်းများပေါ့နော်။ အရမ်းအပူချိန်ပြင်းတဲ့အချိန်မှာ အလုပ်ကို နားထားသင့်ပါတယ် ခတ္တခဏပေါ့နော် ။ ပြီးတော့ အရိပ်ရတဲ့နေရာတွေမှာ လေကောင်းလေသန့်ရတဲ့ နေရာတွေကို ဖန်တီးထားပေးမယ်။ ရေဓာတ်ကို ရေနဲ့သတ္တုဓာတ်တွေကို ဖြည့်တင်းရမယ်ပေါ့။   ကောင်းကောင်းအနားယူဖို့ လိုအပ်မယ်ပေါ့ ။ ညဘက်မှာကောင်းကောင်း အိပ်ရေးဝအောင်အိပ်ရမယ် ။ ရေဓာတ်တွေကောင်းကောင်းသောက်သုံးမယ် ပြီးလို့ရှိရင် စဖျားတာနဲ့   ဆေးဝန်ထမ်းတွေနဲ့   ပြသမယ် ဆိုလို့ရှိရင် အပူကြောင့်လေဖြတ်ခြင်းထိမရောက်ဘဲ စောစောစီးစီး ကုသနိုင်မှာ ဖြစ်ပါတယ်"ဟု သူက အပူဒဏ်ကြောင့် လေဖြတ်ခြင်း မဖြစ်စေရန် အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly