မွန်ပြည်နယ်ရှိ အငြင်းပွားတံတားအမည်ကိစ္စ တိုင်းရင်းသားရေးရာဝန်ကြီးဌာနသို့ ကန်ကွက်စာပို့

မွန်ပြည်နယ်ရှိ အငြင်းပွားတံတားအမည်ကိစ္စ တိုင်းရင်းသားရေးရာဝန်ကြီးဌာနသို့ ကန်ကွက်စာပို့
ဓာတ်ပုံ-Ministry of Construction

ရန်ကုန်၊ မေ ၂ ။            ။ မွန်ပြည်နယ်၊ ချောင်းဆုံရှိ အမည်အငြင်းပွားနေဆဲဖြစ်သည့် တံတားကိစ္စကို တိုင်းရင်းသားရေးရာဝန်ကြီးဌာနသို့ ဒေသခံ ၉သောင်းကျော်၏ လက်မှတ်များပါ၀င်သည့် ကန့်ကွက်စာတစ်စောင် ပေးပို့လိုက်ပြီဖြစ်ကြောင်း ချောင်းဆုံတံတားဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီ ပြောရေးဆိုခွင့်ရှိသူ မွန်ရာဇာက ပြောသည်။

“ လက်မှတ်ကောက်တာ ဒီနေ့ပဲ စာတင်လိုက်ပြီလေ။ စာတင်လိုက်တော့ တိုင်းရင်းသားရေးရာဝန်ကြီး ကို ဦးတည်ပြီးတော့ ပေးလိုက်ပြီ။ အခုတင်တဲ့အချိန်မှာ ကျွန်တော်တို့ လက်မှတ် ၉ သောင်းကျော်ကျော် ဒီနေ့ပဲ တင်လိုက်တယ်” ဟု ၄င်းက ပြောဆိုသည်။

ကောက်ခံရရှိသည့် လက်မှတ် တစ်သိန်းနှစ်သောင်းကျော်ရှိသော်လည်း တချို့မြို့နယ်များတွင် လက်မှတ်ဆက်ကောက်နေဆဲနှင့် အခက်အခဲတစ် ချို့ရှိနေသည့် အတွက် အချိန်မဆွဲဘဲ ရသလောက်ဖြင့် ယနေ့ (မေလ ၂ ) တွင် ပေးပို့လိုက်ခြင်းဖြစ်သည်ဟု မွန်ရာဇာက ဆက်လက်ပြောဆိုသည်။

အငြင်းပွားတံတား အမည် ကန့်ကွက်စာကို ပြည်ထောင်စုအဆင့်တိုင်းရင်းသားရေးရာဝန်ကြီးဌာနသို့ ယနေ့ပေးပို့လိုက်ပြီး မိတ္တူကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ( ပြည်ထောင်စုအဆင့်) ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့ထံ ပေးပို့ခဲ့ကြောင်း ချောင်းဆုံတံတားဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီမှသိရသည်။

မွန်ပြည်နယ်ရှိ ဒေသခံများအကြား အငြင်းပွားမှုများဖြစ်ပွားနေသည့် ဗိုလ်ချူပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို ဧပြီ ၂၇ ရက်နေ့မှစတင်ဖြတ် သန်းခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဧပြီ ၂၇ တွင်ကြေညာခဲ့သည်။

မွန်ပြည်နယ်ဒေသခံအများစုက သံလွင်တံတား (ချောင်းဆုံ) ဟုခေါ်ဆိုရန် ဆန္ဒ ၂ကြိမ်ပြခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးခြင်းကိုကန့်ကွက်နေကြသည့်ကြားက အမည်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး မွန်ရာဇာက “ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အမည်ကို ကျွန်တော်တို့ မကြိုက်တာတော့မဟုတ်ဘူးဗျ။ ဒီတံတားအမည်က မွန်ပြည်နယ်လွှတ်တော်ရော၊ မွန်ပြည်နယ်အစိုးရရော တိုင်းရင်းသား ဒေသခံတွေနဲ့ ဆန္ဒသဘောထားယူမယ်။ ဒေသခံတိုင်းရင်းသားတို့ရဲ့အသံကို နားထောင်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတာ အဲ့ဒီလောက်တောင် ဖြစ်လာမှာမဟုတ်ဘူးဗျ။ အခုပြည်သူ့လွှတ်တော်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေက သိပ်ကိုနည်းတယ်ဗျ။ အဲ့တော့ အင်အားရှိတဲ့ အစုတွေပေါ့ ။ လူတွေက အင်အားမရှိတဲ့ လူနည်းစုအပေါ်မှာ ဒါအနိုင်ကျင့်တဲ့ ပုံစံမျိုး ကျွန်တော်တို့ အဲ့လိုသတ်မှတ်ပြီးသား” ဟု ပြောဆိုသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန်အဆိုအား မတ် ၁၄ ရက်တွင် ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ တံတားအမည် အငြင်းပွားမှုနှင့် ပတ်သက်ပြီး လွန်ခဲ့သည့်လပိုင်းခန့်က နိုင်ငံတောသမ္မရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ ချောင်းဆုံတံတားဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီ စာပေးပို့ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိဟုသိရသည်။

ထို့ကြောင့် မတ် ၂တွင် ဒေသခံအင်အား ၃၀၀၀ ကျော်၊ မတ် ၁၉ တွင် ၂၀,၀၀၀ကျော်တို့က သံလွင်တံတား (ချောင်းဆုံ) ဟုသာ သတ်မှတ်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly