Uber နိုင်ငံတကာ အဌားယာဉ် ဝန်ဆောင်မှုကုမ္ပဏီက အိန္ဒိယတွင် ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြုပ်နှံမည်

Uber နိုင်ငံတကာ အဌားယာဉ် ဝန်ဆောင်မှုကုမ္ပဏီက အိန္ဒိယတွင် ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြုပ်နှံမည်

ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၃၁ ။        ။ တရုတ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြုပ်နှံ လုပ်ငန်းလုပ်ကိုင်နေသည့် Uber Technologies Inc အွန်လိုင်းအဌားယာဉ် ဝန်ဆောင်မှုကုမ္ပဏီက အိန္ဒိယ တွင်လည်း ယင်းပမာဏအတိုင်း ဒေါ်လာ တစ်ဘီလီယံဖိုး ရင်းနှီးမြုပ်နှံတော့မည်ဖြစ်ကြောင်း ဖိုင်နန်ရှယ်တိုင်းမ်စ်သတင်းတွင် ဖောြ်ပသည်။

အိန္ဒိယတွင် ယင်းပမာဏအတိုင်း Uber ကုမ္ပဏီက တစ်ကျော့ပြန် လုပ်ငန်းရင်းနှီးမြုပ်နှံလာခြင်းဖြစ်ပြီး ၂၀၁၆ မတ်လ မကုန်မီ လူတစ်သန်း နေ့စဉ် အဌားယာဉ်စီးနင်းမှုများကို ဝန်ဆောင်မှုပေးမည်ဟု ပထမဆုံးအကြိမ်အဖြစ် ရည်မှန်းချက်ချထားသည်ဟု Uber က ပြောကြောင်း ဖန်နန်ရှယ်တိုင်းမ်စ်သတင်းတွင် ဖော်ပြသည်။

အိန္ဒိယဈေးကွက်ကို အပြည့်အဝယုံကြည်ထားပြီး လစဉ် ၄၀ ရာခိုင်နှုန်း လုပ်ငန်းတိုးတက်လာမည်ဖြစ်ကြောင်း Uber၏ အိန္ဒိယရုံး ဥက္ကဌဖြစ်သူ အမစ်ဂျင်းက ပြောသည်။

အိန္ဒိယနိုင်ငံ မြို့ ၁၈ မြို့တွင် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ရာ အမေရိကန်ပြင်ပ ဝန်ဆောင်မှုပေးမှုတွင် အများပြားဆုံး ဝန်ဆောင်ပေးခြင်းဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

Uber က ကုမ္ပဏီတွင် လုပ်ကိုင်မည့် ယာဉ်မောင်းများစွာနှင့် ဇူလိုင် ၂၉ ရက်က အဌားစာချုပ်များချုပ်ဆိုခဲ့ပြီး ဈေးကွက်သို့ လျင်မြန်စွာထိုးဖောက်ဝင်ရောက်လာခြင်းလည်းဖြစ်သည်။

ယခုလအစောပိုင်းက အစိုးရက Uber ကုမ္ပဏီအား ပိတ်ပင်ထားခြင်းကို ဒေလီတရားရုံးတစ်ရုံးက ရုတ်သိမ်းပေးလိုက်ပြီး ကုမ္ပဏီအနေဖြင့် မြို့တော်တွင်း ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် ပြည်လည်လမ်းပွင့်ကာ လုပ်ငန်းလိုင်စင်လည်း ပြန်လည်လျှောက်ထားနိုင်သွားခြင်းဖြစ်သည်။

Uber မှ တက္ကစီမောင်းသမားတစ်ဦး မုဒိမ်းမှုကျုးလွန်သည်ဟု စွပ်စွဲခံရပြီးနောက် ဒီဇင်ဘာလအတွင်းက မှတ်ပုံတင်မဲ့ အွန်လိုင်းအဌားယာဉ်ဝန်ဆောင်မှုပေးသည့် ယင်းကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့် တားမြစ်ခဲ့ခြင်းဖြစ်သည်။ Uber က လိုင်စင်အတွက်လျှောက်ထားခဲ့သော်လည်း လုပ်ငန်းများကို အဆိုပြုကာလအတွင်း ဆိုင်းငံ့ထားခံရခြင်းဖြစ်သည်။

နိုင်ငံပေါင်း ၅၇ နိုင်ငံတွင် ဝန်ဆောင်မှုပေးနေသည့် Uber ကုမ္ပဏီသည် ဖွံ့ဖြိုးကြီးထွားမှု မြန်ဆန်သည့် အများပိုင်ရှယ်ယာကုမ္ပဏီတစ်ခုဖြစ်ပြီး ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ရှိသည့် ကုမ္ပဏီဖြစ်သည်။ ကမ္ဘာ့အနှံ့ ဝန်ဆောင်မှုပေးရာနိုင်ငံများမှ သယ်ယူပို့ဆောင်ရေးအာဏာပိုင်များနှင့်လည်း ဆက်ဆံရာတွင် အရှုပ်အရှင်းများရှိနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly