မဲခေါင်ဒေသ အာဏာပိုင်များ မူးယစ်ဆေးဝါးရှာဖွေမှု အရှိန်မြင့်မည်

မဲခေါင်ဒေသ အာဏာပိုင်များ မူးယစ်ဆေးဝါးရှာဖွေမှု အရှိန်မြင့်မည်

ဇူလိုင် ၃၁ ။      ။ နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးရောင်းဝယ်မှုကို နှိမ်နင်းရန် အထက်မဲခေါင်ဒေသရှိ ထိုင်း၊ မြန်မာ၊ လာအိုနှင့် တရုတ် အာဏာပိုင်များသည် အဓိကဆိပ်ကမ်းမြို့ကြီးများသို့ သွားလာသော သင်္ဘောများတွင် ကုန်ပစ္စည်းစစ်ဆေးမှုကို တင်းကျပ်မည်ဖြစ်သည်။

ကွမ်လေ (တရုတ်)၊ မောင်းဖွန်င် (မြန်မာ)၊မောင်းမွမ် (လာအို)နှင့်ချင်းရိုင်၏ ချင်းဆဲန်တို့သို့ သွားလာသောသင်္ဘောများကို ပစ်မှတ်ထားခြင်းဖြင့် မဲခေါင်မြစ်မြောက်ပိုင်းမှအင်အားကြီး မူးယစ်ဆေးဝါးရောင်းဝယ် သူ များကို ဖမ်းဆီးနိုင်ရန် ကြိုးစားကြမည်ဖြစ်သည်။

မဲခေါင်မြစ်တွင် ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးဖမ်းမိမှု နှစ်များစွာကြာပြီးနောက်မှ မြစ်တွင်းလုံခြုံရေးကို ခိုင်မာအောင် ပြုလုပ်သည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်က မဲခေါင်မြစ်တွင် တရုတ်သင်္ဘောနှစ်စီးပေါ်မှ တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရသည်။ စုံစမ်းစစ်ဆေးမှုအရ ကျူးလွန်သူမှာ အမည်ဆိုးဖြင့်ကျော် ကြားသောခေါင်းဆောင်နော်ခမ်း ဦးဆောင်သော ရှမ်းမူးယစ်ဂိုဏ်းတစ်ခုဖြစ်ခဲ့သည်။

နော်ခမ်းသည် တရုတ် ကုန်သင်္ဘောများကို ပြန်ပေးဆွဲကာ မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းရာတွင် အသုံးပြုခဲ့သည်။

အစောပိုင်း၌ အစိုးရ၏ အားထုတ်မှုများသည် ကုန်းပိုင်းကိုသာ အာရုံစိုက်၍ စစ်ဆေးခဲ့ကြသည်ဟု မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး အတွင်းရေးမှူးချုပ် ပါးမ်ဖောင်ချာဗာလစ်က ပြောကြားခဲ့သည်။

လာမည့်လတွင် စတင်မည့် စုံစမ်းစစ်ဆေးမှုများအတွက် ဒေသတွင်းရှိ အရာရှိများကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို လိုအပ်လိမ့်မည်ဟု မစ္စတာပါးမ်ဖောင်က ဆိုသည်။

တရုတ်နိုင်ငံက မူးယစ်ဆေးဝါးစစ်ဆေးရှာဖွေသည့် ကိရိယာများ ကူညီမည်ဖြစ်ပြီး ထိုင်းနိုင်ငံက မြန်မာမူးယစ်ကွန်ရက်များနှင့် ပတ်သက်၍ အကြောင်းအရာ အချက်အလက်များကို ချပြပေးနိုင်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် မူးယစ်ဆေးဝါးများထုတ်လုပ်ပြီး မဲခေါင်မြစ်မှတဆင့် ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့သည်ဟု သိရှိထားပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် ပါဝင်နေရသည့် လူနည်းစု တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးအတွက် ထိုင်းအရာရှိများက ကူညီမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး အထူးသဖြင့် မက်သမ်ဖက်တမင်း ဝင်ရောက်နေမှုမှာ ကျယ်ပြန့်သည့် ပြဿနာတစ်ခုဖြစ် နေသည်ဟု သိရသည်။

ဇူလိုင် ၂၉ က ထိုင်းနိုင်ငံ နာခွန်ပါသွမ်တွင် မက်သမ်ဖက်တမင်းဆေးပြား လေးသောင်း ၄၀,၀၀၀၊ မက်သမ်ဖက်တမင်းအခဲ သို့မဟုတ် ice မူးယစ်ဆေး သုံးကီလိုဂရမ်နှင့် အတူ စုံတွဲတစ်တွဲကို ဖမ်းမိခဲ့သည်။

ဆမ်ဖရန်ခရိုင်ရှိ ၎င်းတို့၏ နေအိမ်ကို ရှာဖွေခဲ့ရာ နောက်ထပ် မက်သမ်ဖက်တမင်းဆေးပြား နှစ်သိန်းငါးသောင်း ၂၅၀,၀၀၀နှင့် အိုက်စ်မူးယစ်ဆေး ၄၃ ဂရမ်ကို ရဲတပ်ဖွဲ့ဝင်များက ထပ်မံသိမ်းဆည်းမိခဲ့သည်။

Ref; Chiang Rai Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly