အလုပ်သမားနဲ့ အလုပ်ရှင်တွေ ပူးပေါင်းပြီး နိုင်ငံတော်တိုးတက်ရေး ကြိုးပမ်းရန် သမ္မတ တိုက်တွန်း

အလုပ်သမားနဲ့ အလုပ်ရှင်တွေ ပူးပေါင်းပြီး နိုင်ငံတော်တိုးတက်ရေး ကြိုးပမ်းရန် သမ္မတ တိုက်တွန်း

ရန်ကုန်၊ မေ ၁ ။            ။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများနှင့် အလုပ်ရှင်များ ပူးပေါင်းကာ ပြိုင်တူကြိုးပမ်း အားထုတ်ကြရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ မေလ ၁ရက်တွင် ကျရောက်သည့် (၁၂၇) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။

“နိုင်ငံတကာမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေမှုများကို စံနမူနာယူပြီး နိုင်ငံတော် ဖွ့ံဖြိုးတိုးတက်ရေးအတွက် တူညီတဲ့ အင်အားနဲ့ ပြိုင်တူကြိုးပမ်းအားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းရင်း သဝဏ်လွှာ ပေးပို့လိုက်ပါတယ်” ဟု ဖော်ပြထားသည်။

ယင်းအပြင် အလုပ်သမား အဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းဝင်အလုပ်သမားများကိုယ်တိုင် ဖွဲ့စည်းပုံစည်းမျဉ်းများ လုပ်ငန်းစဉ်များ ချမှတ်ပြီး လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် အလုပ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်လာနေပြီ ဖြစ်သည်ဟု သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

သို့သော်လည်း အဆိုပါအဖွဲ့အစည်းများ အနေဖြင့် အဖွဲ့အစည်း၊ အသိုက်အဝန်း၊ အဖွဲ့ဝင်များ၏ အကျိုးစီးပွား ဖော်ဆောင်ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ကာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအမြတ်ထုတ်ရန် ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်ပြီး အထူးသတိပြုရန် လိုအပ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly