ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးအတွက် ချီတက်တောင်းဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးအတွက် ချီတက်တောင်းဆို
(ဓာတ်ပုံ-ဖနိဒါ)

ချင်းမိုင်၊ မေ ၁ ။           ။ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)နေ့ အထိမ်းအမှတ်အဖြစ် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်သမားများ ပူပေါင်း၍ အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၃၀ ရက် ညနေပိုင်းက လမ်းလျှောက်ချီတက်ခဲ့သည်။

ယင်းအပြင် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် အလုပ်သမားများ၏ ရပိုင်ခွင့်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် ချင်းမိုင်ခရိုင်ရုံး (City Hall) သို့ အလုပ်သမားများ လမ်းလျှောက်ချီတက်၍ ၎င်းတို့၏ တောင်းဆိုချက်များ သွားရောက် ပေးပို့မည် ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လမ်းလျှောက် ချီတက်တောင်းသည့် လှုပ်ရှားမှုကို အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၀ကျော်က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းအလုပ်သမားများနှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး တန်းတူ ရရှိရေးအတွက် တောင်းဆိုခြင်းဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမား စည်းလုံးညီညွတ်ရေးအဖွဲ့(WSA) မှ ဥက္ကဌဟောင်း နန်းဆိုင်ငင်းက ပြောသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေလည်း ထိုင်းဥပဒေအတိုင်း ထိုင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ ကျမတို့ရဲ့ ရပိုင်ခွင့်တွေ အတူတူရှိအောင်ဆိုပြီးတော့ စုပေါင်းပြီးတော့ ချီတက်တောင်းဆိုခဲ့ပါတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၃၀ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ် ယူနီစောပ်(Uniserv) ခန်းမတွင် အလုပ်သမား ၁၇၀ ကျော်က ၎င်းတို့အကြား ကြံုတွေ့နေရသည့် အခက်အခဲများ၊ အလုပ်အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဆွေးနွေးဖလှယ်ခြင်း၊ အလုပ်သမားအရေးဆောင်ရွက်နေသူများက မေဒေးဖြစ်ပေါ်လာပုံသမိုင်း ရှင်းလင်းတင်ပြခြင်းနှင့် အလုပ်သမား ရပိုင်ခွင့်များကို ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် လမ်းလျှောက်ချီတက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအနေဖြင့် ထိုင်းအလုပ်သမားများကဲ့သို့ ဆေးကုသခွင့် အပြည့်အဝ ရရှိစေလိုပြီး အိမ်ဖော်အလုပ်သမားများ လုံခြံုမှု အပြည့်အဝရရှိရေးအတွက် ယခုကဲ့သို့ လာရောက် ဆန္ဒဖော်ထုတ်တောင်းဆိုရခြင်းဖြစ်သည်ဟု အလုပ်သမ ဒေါ်မိငယ်က ပြောသည်။

“ထိုင်းအလုပ်သမားတွေလို ကျမတို့ မြန်မာအလုပ်သမားတွေလည်း ဆေးကုသခွင့် လိုချင်တယ်။ အခုက တခါတလေ ဆေးရုံတွေသွားရင် မြန်မာအလုပ်သမားမှန်းသိရင် တချက်မှ ဆေးမစစ်ဘဲ အဲဒါလုပ်ပေးလိုက်ဆို ပြီးသွားတယ်။ ဥပမာပြောတာနော် ဆေးရုံမှာ သွေးမစစ်၊ တချက်မှ မစမ်းကြည့်ဘဲနဲ့ ပြောလိုက်တာကိုက ဘာရောဂါမှ မရှိရင်တော့ ကောင်းတာပေါ့။ သိပ်ဖျားနေရင်တော့ သွေးနည်းနည်းပါးပါးဖောက်ပြီးတော့ ဘာမှမဖြစ်ဘူး။ အရေးပေါ်ဖြစ်မှပဲကုသပေးတယ်။ အနာတွေ့မှ ကုပေးတယ်။ ဒါပေမဲ့ သေချာချင်တယ်လေ။ ကိုက်ခဲတာ နာကျင်တာကြာပြီ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်မချလို့ ဆေးရုံသွားရင် အဲဒီလို ကြံုနေရတာ။” ဟု သူက မဇ္ဈိမကို ပြောသည်။

ယမန်နှစ် မေဒေးနေ့တွင်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမာများနှင့် ထိုင်းအလုပ်သမား ၁၀၀ ကျော်က အလုပ်သမားများ၏ တရက်လုပ်အားခ ၄၂၁ ဘတ်ထိ တိုးမြှင့်ပေးရန် အပါအဝင် အချက် ရ ချက် တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က ကျရောက်သော နိုင်ငံတကာရွှေ့ပြောင်း အလုပ်သများနေ့တွင်လည်း ရွှေ့ပြောင်း အလုပ်သမားကို လက်မှတ်အသစ် ထုတ်ပေးရန်၊ လက်မှတ်လုပ်ရာတွင်လည်း ကုန်ကျစရိတ်နှင့် စာရွှက်စာတမ်းများ လျော့ပေးရန်၊ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အခွင့်အရေးဥဒေ ၈၇ နှင့် ၁၈၉ ပုဒ်ကို ထိုင်းအစိုးရမှ အသိအမှတ်ပြုပေးရန်၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းပိုင်ခွင့်၊ အိမ်ဖော်အလုပ်သမားများ အခွင့်အရေးအပြည့်အဝရရှိရေး၊ ထိုင်းနိုင်ငံမှ ၁၀နှစ်ကဒ်၊ တောင်ပေါ်သားကဒ် ကိုင်ဆောင်ထားသူများအနေဖြင့် နယ်ကျော်ပါက ထောက်ခံစာများမလိုဘဲ နေထိုင်ခွင့်ပြုရန်၊ ရွှေ့ပြောင်း အလုပ်သမားများ နေ့စားလုပ်အားခ အပြည့်အဝရရှိရေး၊ ကျန်းမာရေးကြောင့် နားရက်ရရှိရန်၊ လူမှုဖူလုံရေး ခံစားခွင့်၊ လူမှုဖူလုံခွင့်ရရှိသူများလည်း အသက် ၅၅ နှစ်ပြည့်သူများကိုလည်း သက်တမ်းတိုးခွင့်ပေးရန်၊ လုပ်အားခ အပြည့်အဝရရှိရန် စသည့် အချက်များ အပါအဝင် ၁၁ ချက်ကို တောင်းဆိုခဲ့သည်။

အလုပ်သမားအရေးဆောင်ရွက်နေသည့် MAP ဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(HRDF)၊ ရွှေ့ပြောင်းအလုပ်သမား ညီညွတ်ရေးအဖွဲ့(WSA)၊   ရွှေ့ပြောင်းအလုပ်သမား ပေါင်းစည်းရေးအဖွဲ့(MWF)၊ Empower စသည့်အဖွဲ့အစည်းများ အပါအဝင် ၁၀ ဖွဲ့ကျော် က ပူးပေါင်းကျင်းခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly