ရိုက်နှက်မှုဖြစ်ခဲ့သည့် YBS ယာဉ်လိုင်းလုပ်သားများကို စံပြအဖြစ် အမှုဖွင့်အရေးယူမည်

ရိုက်နှက်မှုဖြစ်ခဲ့သည့် YBS ယာဉ်လိုင်းလုပ်သားများကို စံပြအဖြစ် အမှုဖွင့်အရေးယူမည်
ဓာတ်ပုံ-သိန်းဇော်

ရန်ကုန်၊ ဧပြီလ ၃ဝ ။         ။ YBS ၂၁ ယာဉ်လိုင်းမှ အချင်းချင်း ရိုက်နှက်ခဲ့သော ယာဉ်လုပ်သားများကို အမှုကျေအေးပြီး ဖြစ်သော်လည်း စံပြဖြစ်စေရန် အမှုဖွင့်အရေးယူသွားရန် စီစဉ်နေကြောင်း ပါဝါအလဲဗင်းကုမ္ပဏီမှ ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက မဇ္စျိမသို့ ပြောသည်။

ယာဉ်လုပ်သားချင်း ရိုက်နှက်ခဲ့သော YBS ၂၁ ယာဉ်လိုင်း( ပါဝါအလဲဗင်းကုမ္ပဏီ) မှ ယာဉ်မောင်းတစ်ဦးနှင့် YBS ၂၁ ယာဉ်လိုင်း (ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီ) မှ ယာဉ်မောင်းအပါအဝင် ယာဉ်လုပ်သား ၃ ဦးကို နှစ်ဘက်ယာဉ်လိုင်း တာဝန်ခံများဖြင့် ညှိနိူင်းသဘောတူ ကျေအေးခဲ့ပြီး ယာဉ်လိုင်းပေါင်း ၈၁ လိုင်းမှ ရာသက်ပန် ထုတ်ပယ်ခဲ့သည်။

ထိုသို့ ရာသက်ပန်ထုတ်ပယ်ပြီးသော်လည်း ယာဉ်လုပ်သားများအကြား စံပြဖြစ်စေရန် အမှုဖွင့်အရေးယူသွားရန် စီစဉ်နေခြင်း ဖြစ်သည်။

“ ရာသက်ပန် ထုတ်ပယ်ထားပြီဆိုပေမယ့် ကျွန်တော်တို့အနေနဲ့ ထပ်ပြီးအမှုဖွင့်အရေးယူသွားမယ်။ လက်ရှိ်မှာ လည်း YBS ယာဉ်လိုင်းတွေက သိပ်ပြီးတော့ အရေးယူမှုအပိုင်းတွေ အားနည်းတယ်။ အားနည်းတဲ့အတွက် ယာဉ်လုပ်သားတွေအနေနဲ့ သူတို့လုပ်တဲ့ ပြစ်မှုကို အရေးမယူဘူးဆိုရင် ထပ်လုပ်နေဦးမှာပဲ။ ဒါကြောင့် အရေးယူမှုအပိုင်းကိုု စံပြအနေနဲ့ ကျွန်တော်တို့က ထိထိရောက်ရောက် အမှုဖွင့်အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု ကို တရုတ်လေးက ပြောသည်။

အဆိုပါ ယာဉ်လုပ်သားများအမှုနှင့် ပတ်သက်ပြီး ခရီးသွားပြည်သူများစိတ်အနှောင့်အယှက်ဖြစ်စေမှု၊ YBS ယာဉ်လိုင်းများပုံရိပ်ကို ထိခိုက်စေမှု စသည့်အချက်နှစ်ချက်ဖြင့် ခရီးသွားပြည်သူကိုယ်စား လာမည့် မေလ ၂ ရက်နေ့ လမ်းမတော်မြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ အခင်းဖြစ်စဉ် ရဲစခန်းတွင်ထွက်ဆိုခဲ့သည့် ခရီးသွားပြည်သူတစ်ဦး ပြောပြချက်အရ ဧပြီ ၂၇ ရက်နေ့၊ ညနေပိုင်းအချိန်ခန့်က ရန်ကုန်ပြည်လမ်းရှိ စံပြမီးပ္ပိုင့်တွင် ပါဝါအလဲဗင်းကုမ္ပဏီ မှ YBS ၂၁ ယာဉ်လိုင်းကားနှင့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှ YBS ၂၁ ယာဉ်လိုင်းကားတို့ ပြိုင်မောင်းရာမှ ခိုက်ရန်ဖြစ်ပွားကြပြီး ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီမှ ယာဉ်မောင်းအပါအဝင်သုံးဦးက ပါဝါအလဲဗင်းကုမ္ပဏီမှ ယာဉ်မောင်း ဦးဆန်းဝင်းကို တုတ်ဖြင့် တက်ရိုက်ရာ အဆိုပါယာဉ်မောင်းက ယာဉ်နောက်လိုက်ကိုသူရဦး ထံမှ တုတ်ကိုလုပြီး ပြန်ရိုက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly