ရေငန်ဝင်လယ်မြေများတွင် ရေငန်ငါး၊ ပုဇွန်မွေးမြူရန် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထား

ရေငန်ဝင်လယ်မြေများတွင် ရေငန်ငါး၊ ပုဇွန်မွေးမြူရန် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထား
ဓာတ်ပုံ- ဇော်နီ

မြိတ်၊ ဧပြီလ ၃၀ ။             ။ တနသာင်္ရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း စိုက်ပျိုးမရသည့် ရေငန်ဝင်လယ်မြေများကို ရေငန်ငါး၊ ပုဇွန်မွေးမြူရန် ဂျပန်ရင်းနှီးမြှုပ်နှံမှုများလာရောက်လုပ်ကိုင်ကြရန် ဖိတ်ခေါ်ထားကြောင်း ဧပြီလ ၃၀ ရက်တွင် မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နှင့်၂၀၁၇-၂၀၂၀ ခုနှစ် သတ္တမသက်တမ်းအတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲသို့ တက်ရောက်ခဲ့ပြီး ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလုပ်ငန်းရှင်အနေဖြင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုအားနည်း၍ လုပ်ဆောင်နိုင်ခြင်းမရှိသည့် အတွက် ယင်းအားနည်းချက်ကို ပြင်ဆင်နိုင်ရန် ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကာ လက်ရှိတွင် မြိတ်ဒေသသို့ ဂျပန်လုပ်ငန်းရှင်များ လာရောက် လေ့လာလျှက်ရှိကြောင်း ၀န်ကြီးချုပ်က ဆိုသည်။

“အစိုးရကအပေါင်အနေနဲ့အာမခံပြီး လုပ်နိုင်မလားဆိုပြီးတော့ ဖိတ်ခေါ်ခဲ့တဲ့အတွက်ကြောင့် အခု ဂျပန်တွေ လာလေ့လာနေပါတယ်။ လူမသိသူမသိလာလေ့လာနေတာပါ။ ဂျပန်လူမျိုးဆိုတာ သူများသိ အောင် မလိုပါဘူး။ သူတို့က တိုးတိုးတိတ်တိတ်ပဲ လေ့လာတတ်တဲ့လူမျိုးဖြစ်တာကြောင့်မို့ အခု မြိတ်ဒေသကို လေ့လာနေပါတယ်” ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

အဆိုပါအခမ်းအနားတွင် အိမ်နီးချင်း တစ်ဖက်နိုင်ငံသို့ ငါးများသွားရောက်ရောင်းနေခြင်းသည် ပြည်ပ ပို့ကုန်မဟုတ်၊ တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်မှသာ ပြည်ပပို့ကုန်အဖြစ်သတ်မှတ်လို့ ရမည်ဖြစ်၍ တန်ဖိုးမြှင့် ထုတ်ကုန်များဆောင်ရွက်နိုင်ရန် ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အဓိကတာဝန်တစ်ရပ်ဟုလည်း ၀န်ကြီးချုပ်က ပြောဆိုခဲ့ကြောင်းတွေ့ရသည်။

ရေငန်ငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းအနေဖြင့် မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း၌ ပြည့်ဖြိုးထွန်းကုမ္ပဏီမှ ပုဇွန်ကန်တစ်ကန် ၁ ဒသမ ၅ ဧကအကျယ်ရှိ ကန်ပေါင်း ၂၄ ကန် မွေးမြူလျက်ရှိပြီး ၊ ကန် ၁၀၀ မွေးမြူရန် လျာထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly