ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ လူထုတွေ့ဆုံပွဲပြုလုပ်

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ လူထုတွေ့ဆုံပွဲပြုလုပ်

စစ်တွေ၊ ဧပြီလ ၂၉ ။             ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တည်ဆောက်မည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ် သည့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုတစ်ရပ်ကို စစ်တွေမြို့ တွင် ဧပြီလ ၂၉ ရက်နေ့ ၁၂ နာရီအချိန်ခန့်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်လာမည့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ လက်ရှိဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန် ကျန်ရှိနေသည့် အစိတ်အပိုင်းများအား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရှင်းလင်းပြောကြားကာ စစ်တွေမြို့မှ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

“အထူးစီးပွားရေးဇုန်တွေဟာ ခေတ်မီတဲ့လုပ်ငန်းတစ်ရပ်ပါပဲ။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော်ရာမှာလည်းပဲ ၂၀၁၄ ခုနှစ်က အထူးစီးပွားရေး ဇုန်များဆိုင်ရာ ဥပဒေမှာ ဖော်ပြထားတာရှိပါတယ်။ အဲဒီထဲမှာ အနိမ့်ဆုံးက  ဒေသခံများ အလုပ်အကိုင်ရရှိရမယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုရရှိလာမယ်။ နောက် တိုင်းပြည်ရဲ့စီးပွားရေးကို အထောက်အကူ ပြုရမယ်။ ပြီးတော့ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းရမယ်ဆိုတဲ့ အချက်တွေပါတယ်။ ရည်ရွယ်ချက် ကောင်းတွေပါပဲ”ဟု ပြည်ထောင်စုဝန်ကြီးက အထူးစီးပွားရေးဇုန်အကောင် အထည်ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့် ကိစ္စများနှင့်ပတ်သက်ပြီး ဒေသခံအများစုမှာ စိုးရိမ်မှုများ ရှိနေကြကာ စီးပွားရေးဇုန်အကောင်အထည် ဖော်လာပါက လယ်ယာမြေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်လာမည်ကို စိုးရိမ်လျှက်ရှိပြီး အထူးစီးပွားရေးဇုန်အား ဆိုင်းငံ့ထားသင့်ကြောင်းလည်း ထောက်ပြကြ သည်။   

“အထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေ၊ မြေယာဥပဒေတွေအရ အထူးစီးပွားရေးဇုန်ဆိုတာ မသင့်တော်လို့ မြင်ပါတယ်။ ဒီကာလက နိုင်ငံရေးပေါ်လစီအရ ပြည်သူ့အစိုးရ တက်လာတယ်ဆိုပေမဲ့ ယခင်အစိုးရဲ့ လျှောက်ခဲ့တဲ့လမ်းပဲဆိုတော့ သိပ်ပြီးပြောင်းလဲသွားမယ်လို့ မတွေ့ရပါဘူး။ သယံဇာတအပိုင်းတွေ၊ စီမံခန့်ခွဲမှုအပိုင်းတွေကို ပြည်နယ်အဆင့်ရလာနိုင်မှ အဆင်ပြေမယ်လို့မြင်တယ်”ဟုကျောက်ဖြူ ဒေသဖွဲ့ဖြိုးရေးအဖွဲ့မှ ဦးထွန်းကြည်က အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် သူ၏အမြင်များကို ပြောကြားသည်။

အထူးစီးပွားရေးဇုန်စီမံကိန်း အောင်မြင်လာပါက ပြည်ထောင်စုတစ်ခုလုံး အကျိုးခံစားနိုင်သည် ဆိုသော်လည်း စီမံကိန်း မအောင်မြင်သည့်အချိန်၌ စီးပွားရေးဇုန်အတွင်း ပါဝင်နေသည့်ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး ပြသနာများအတွက် ဒေသခံများအား ကာကွယ်ပေးရန်လိုအပ်ကာ၊ ယင်းသို့ အကာအကွယ်ပေးရမည့် အနေအထားမှာလဲ အထူးအရေးကြီး သည့် ကိစ္စပ်ရပ်တစ်ခုဖြစ်နေရာ အစိုးရအနေဖြင့် အပြည့်အဝ ဆောင်ရွက်ပေးစေလိုကြောင်း ကျောက်ဖြူ SEZ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ MKSH အဖွဲ့ဝင်ဖြစ်ည့် REIC အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာ ဦးခင်မောင်ကြီးက အကြံပြုဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly