သမ္မတရာထူးရယူသည့် ရက် ၁၀၀ ပြည့် အထိမ်းအမှတ်ကျင်းပပြီး ရှေ့လျှောက်တိုက်ပွဲများအား အနိုင်ယူမည် ဟု ထရမ့်ပြော

သမ္မတရာထူးရယူသည့် ရက် ၁၀၀ ပြည့် အထိမ်းအမှတ်ကျင်းပပြီး ရှေ့လျှောက်တိုက်ပွဲများအား အနိုင်ယူမည် ဟု ထရမ့်ပြော

 ဧပြီ ၃၀ ။              ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် စနေနေ့တွင် သမ္မတရာထူးအား လက်ခံရယူသည့် ပထမဦးဆုံး ရက် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲအား ကျင်းပခဲ့ပြီး   အော်ဟစ်အားပေးနေသော သူ၏ထောက်ခံသူများအား ရှေ့လျှောက် တိုက်ပွဲကြီးများတွင် အနိုင်ရယူမည်ဖြစ်ကြောင်း ပြောခဲ့သည်။

တစ်နာရီခန့်ကြာမြင့်သော မိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်သည် သတင်းမီဒီယာများနှင့် ဘားရက်အိုဘားမားတို့ကို တိုက်ခိုက်ပြောဆိုခဲ့ပြီး အမေရိကန်၏ လုပ်ငန်းများနှင့် စစ်တပ်အပေါ် သူမည်သို့ ထောက်ပံ့ကူညီနိုင်ခဲ့ကြောင်း ကြွားဝါပြောဆိုခဲ့သည်။

ထို့နောက် မြောက်ကိုရီးယားအရေးအပါအဝင် သူ၏ နိုင်ငံခြားရေး ပေါ်လစီအား အမွှန်းတင်ပြောကြားခဲ့သလို ကဗျာတစ်ပုဒ်ဖတ်ပြခဲ့ပြီး သူ၏ အမှတ်လက္ခဏာဖြစ်သော အမေရိကားကို ကြီးမြတ်အောင် ပြန်လည်လုပ်ယူ မည်ဆိုသည့် ဆောင်ပုဒ်ကို ထပ်ခါတလဲလဲရွတ်ဆိုခဲ့ကာ ပန်ဆယ်ဗေးနီးယား ပြည်နယ်ရှိ လူအုပ်ကြီးထံမှ ကောင်းချီးသြဘာများကို အကြိမ်ကြိမ်ရရှိခဲ့သည်။

ဒါ့အပြင် စီအဲန်အဲန်သတင်းဌာနအား အလိမ်အညာသတင်းများ ရေးသည်ဟုပြောဆိုခဲ့ပြီး နယူးယောက်တိုင်းမ် သတင်းဌာနကိုလည်း ကျရှုံးနေပြီဟုဆိုကာ လှောင်ပြောင်ခဲ့သည်။

“သူတို့ဟာ တကယ့်ကို ရှက်ဖွယ်ပဲ” ဟု ထရမ့်က ပြောခဲ့သည်။

အချို့သော မလိုမုန်းထားသည့် အမေရိကန်မီဒီယာများက ထရမ့်၏ သမ္မတရာထူး ရက် ၁၀၀ သည် နုံချာပြီး အကွဲကွဲအပြားပြားဖြစ်နေကြောင်း အကဲဖြတ်ခဲ့ကြသည်။

သူတို့က ထရမ့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခရီးသွားလာခွင့်ပိတ်ပင်ရေး အမိန့်တို့သည် နှောင့်နေးဆုတ် ဆိုင်းခဲ့ရသော ကသိကအောက်ဖြစ်ရသည့် ကိစ္စများဖြစ်ပြီး တရုတ်၊ နေတိုးအဖွဲ့တို့၏အရေးနှင့် ပက်သက်၍ လည်း ဖြောင့်ဖြူးနေရာမှ ပြောင်းပြန်အနေအထားဖြစ်သွားခြင်းတို့ကို ထောက်ပြခဲ့သည်။

သို့သော်လည်း နိုင်ငံတော်တရားရုံးချုပ်အတွင်း ရှေးရိုးစွဲတရားသူကြီးခန့်အပ်ခြင်း၊ ပစိဖိတ်စီးပွားဖက် ကုန်သွယ်ရေးသဘောတူညီချက်မှ အမေရိကန်နိုင်ငံအား ဆွဲထုတ်နိုင်ခဲ့ခြင်း စသည့် ရွေးကောက်ပွဲကာလက ကတိပေးခဲ့သော ကိစ္စများကို ထရမ့်လုပ်ဆောင်ခဲ့ကြောင်းကိုလည်း အသိအမှတ်ပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly