ကလစ်ရှ်ကိုအားအနိုင်ရပြီးနောက် တိုင်ဆန်ဖျူရီကို ဂျော့ရှုးဝါး စိန်ခေါ်

ကလစ်ရှ်ကိုအားအနိုင်ရပြီးနောက် တိုင်ဆန်ဖျူရီကို ဂျော့ရှုးဝါး စိန်ခေါ်

ဧပြီ ၃၀၊ အင်္ဂလန် ။            ။ အင်္ဂလန်နိုင်ငံ၊ ၀င်ဘလေကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့စိန်ခေါ်ပွဲတွင် ဗြိတိန်လက်ဝှေ့သမား အန်တိုနီဂျော့ရှုးဝါးသည် ၀လာဒီမာကလစ်ရှကိုအား အလဲထိုးဖြင့် အနိုင်ယူပြီး IBF,WBA နှင့် IBO ချန်ပီယံရွှေခါးပတ်များကို ရရှိသွားခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဂျော့ရှုးဝါးနှင့် အသက် ၄၁ နှစ်အရွယ်ရှိ ကလစ်ရှ်ကိုတို့၏ပွဲစဉ်သည် ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့သမိုင်းတွင် အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန်ဖြင့် အကြိတ်အနယ်ထိုးသတ်ခဲ့ကြသည်။

ပထမသုံးချီတွင် ဂျော့ရှုးဝါးက ဦးဆောင်ထိုးသတ်ခဲ့ပြီး ငါးချီမြောက်တွင် ကလစ်ရှ်ကိုမှာ ကြမ်းပြင်သို့လဲကျသွားအောင် အထိုးခံခဲ့ရပြီး အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။ သို့သော် ကလစ်ရှ်ကိုမှာပြန်လာနိုင်ခဲ့ပြီး ခြောက်ချီမြောက်တွင် ဂျော့ရှုးဝါးကို လဲကျသွားအောင် ပြန်လည်ထိုးသတ်နိုင်ခဲ့သည်။ ဂျော့ရှုးဝါး၏ပရိုလက်ဝှေ့သမားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကြမ်းပြင်ပေါ်လဲကျသွားအောင် အထိုးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက်တွင် ကလစ်ရှ်ကိုမှာ ဂျော့ရှုးဝါးကို အသာစီးဖြင့် ၉ ချီမြောက်အထိ ထိုးသတ်နိုင်ခဲ့သည်။ ၁၀ ချီမြောက်တွင်မူ ဂျော့ရှုးဝါးမှာ သက်လုံပြန်ကောင်းလာပြီး ပြန်လည်တိုက်စစ်ဖွင့်ထိုးသတ်ခဲ့သည်။ ၁၁ ချီမြောက်တွင် ကလစ်ရှ်ကိုမှာ အနည်းငယ်သက်လုံကျဆင်းလာခဲ့ပြီး ဂျော့ရှုးဝါး၏ဖိအားပေးထိုးသတ်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ဂျော့ရှုးဝါး၏ပင့်လက်သီးတစ်ချက်ထိသွားခဲ့ပြီး ကလစ်ရှ်ကိုမှာ ဆက်တိုက်ထိုးသတ်ခံခဲ့ရကာ ဒုတိယအကြိမ် အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။ ဂျော့ရှုးဝါး၏ပါ၀ါဖြင့် ဖိထိုးမှုကို ကလစ်ရှ်ကိုမှာ အလူးအလဲဖြင့်တောင့်ခံနေသော်လည်း ကြိုးဝိုင်းဒိုင်လူကြီးက ဂျော့ရှုးဝါးကို အလဲထိုးဖြင့်အနိုင်သတ်မှတ်ပေးခဲ့သည်။

ဂျော့ရှုးဝါးမှာ ကလစ်ရှ်ကိုအား အလဲထိုးဖြင့်အနိုင်ထိုးသတ်ခဲ့ခြင်းကြောင့် သူ၏ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝတွင် ၁၉ ပွဲစလုံးကိုအလဲထိုးဖြင့်အနိုင်ရယူနိုင်သည့် စံချိန်စိုက်ထူနိုင်ခဲ့သည်။

ကလစ်ရှ်ကိုအားအနိုင်ရခဲ့ပြီးနောက်တွင် ဂျော့ရှုးဝါးက ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီကို ကြိုးဝိုင်းအတွင်းမှ စိန်ခေါ်ခဲ့သည်။

'ဖျူရီ၊ တိုင်ဆန်ဖျူရီ။ မင်းဘယ်မှာလဲ ကလေးရေ။ လာစမ်းပါ။ ဒါကမင်းမြင်ချင်တဲ့အရာမဟုတ်လား။ လက်ဝှေ့ထိုးရတာကို ငါတကယ်ချစ်တယ်။ လက်ဝှေ့ထိုးရတာကို ငါတကယ် နှစ်သက်တယ်။

ဖျူရီဟာ ကြိုးဝိုင်းထဲကို ပြန်လာချင်နေပြီး အဲ့ဒီအကြောင်းကို အများကြီးပြောဆိုခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီမှာရှိနေတဲ့ ပရိသတ်ကိုးသောင်းကို ဒီညလိုကောင်းမွန်တဲ့လက်ဝှေ့ပွဲတစ်ပွဲကို ထပ်မံကြည့်ရှုစေလိုပါတယ်။ အခုအချိ်န်မှာ လက်ဝှေ့ထိုးသတ်ရတာကို ကျွန်တော်တကယ် နှစ်သက်ပျော်ရွှင်နေပါတယ်။ ဘယ်သူနဲ့မဆိုထိုးသတ်လိုပါတယ်' ဟု ဂျော့ရှုးဝါးက ပြောဆိုခဲ့သည်။

ဖျူရီကလည်း ချက်ချင်းဆိုသလိုပင် ဂျော့ရှုးဝါး၏စိန်ခေါ်မှုကိုလက်ခံကြောင်း လူမှုဝက်ဆိုက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ယခုပွဲတွင် ရှုံးနိမ့်သွားရသည့် ကလစ်ရှ်ကိုကလည်း သဘောတူချုပ်ဆိုထားသည့်စာချုပ်အရ ဂျော့ရှုးဝါးနှင့်နောက်ထပ်တစ်ပွဲ ထပ်မံထိုးသတ်လိုကြောင်း ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly