စည်ပင်ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေး အစိုးရပူးပေါင်းမူအားနည်းဟု အရပ်ဘက်အဖွဲ့များ ဝေဖန်

စည်ပင်ရွေးကောက်ပွဲဥပဒေပြင်ဆင်ရေး အစိုးရပူးပေါင်းမူအားနည်းဟု အရပ်ဘက်အဖွဲ့များ ဝေဖန်

ရန်ကုန်၊ ဧပြီ ၂၉ ။             ။ ဒီမိုကရေစီနည်းလမ်းကျသည့် စည်ပင်ရွေးကောက်ပွဲဖြစ်ရန် ရွေးကောက်ပွဲနည်းဥပဒေ ပြန်ပြင်ဆင်သည့်အပိုင်းတွင် ရန်ကုန်တိုင်းအစိုးရဘက်က လွှတ်တော်၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မူအားနည်းနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်လိုက်သည်။

" ဒီမိုကရေစီနည်းလမ်းကျတဲ့ စည်ပင်သာယာရွေးကောက်ပွဲကိုဖြစ်စေချင်တယ်ဆိုရင် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေကို ပြန်ပြင်ဆင်ရမယ်ဆိုပြီးတော့ ဒီအရပ်ဖက်အဖွဲ့အစည်းတွေက စာလည်းပို့ပြီးသား။ လွှတ်တော်ကလည်းပြန်ပြင်ဆင်ဖို့အတွက်ကို ကြိုးစားအားထုတ်တယ်။ သို့သော် အခု ကြိုးစားအားထုတ်ခဲ့တာလည်း အချိန်တွေကြာပြီ ။ ဒါပေမယ့် အစိုးရဘက်က ပူးပေါင်းဖို့ အားနည်းတဲ့အတွက်ကြောင့်မို့လို့ ဒါလည်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ပြောကြားချက်အရ သိရတာပါ။ အခုထက်ထိ ရန်ကုန်တိုင်း မှာရွေးကောက်ပွဲပြန်လည်လုပ်ဖို့ ဥပဒေကိုပြင်ဆင်တဲ့ အပိုင်းမှာ နည်းဥပဒေပေါ့နော် ။ နည်းဥပဒေကို ပြင်ဆင်တဲ့အပိုင်းမှာ အခုထက်ထိ လွှတ်တော်မှာ ဘာမှမလုပ်ဘဲနဲ့ ရပ်စဲနေတယ်ဆိုတာကို တွေ့ရတယ်" ဟု ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်း လည်းဖြစ်၊ လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည့် ဒေါ်ညိုညိုသင်းက ပြောဆိုသည်။

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ဧပြီ ၂၈မှ ၂၉ ထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် " စည်ပင်သာယာကော်မတီများ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ၊ ဥပဒေနှင့် မူဝါဒများအပေါ်တွင် အရပ်ဖက်အဖွဲ့အစည်းများ သုံးသပ်ခြင်းအစည်းအဝေး" အပြီးတွင် မဇ္စျိမ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိစည်ပင်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေသည် လွှတ်တော်သို့ တင်ပြထားခြင်းမရှိသည့် အတွက်ကြောင့် ဒီမိုကရေစီနှင့်မညီကြောင်း ၄င်းက ပြောသည်။
စည်ပင်သာယာရေးဥပဒေဟာ မပြည့်စုံဘဲ လိုအပ်ချက်ရှိနေတာကြောင့် စင်ကာပူနိုင်ငံမှ ပညာရှင်တွေနဲ့ပူးပေါင်းပြီး ပြန်ပြင်ရေးဆွဲနေသည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မဇ္စျိမသို့ ပြောထားသည်။

အဆိုပါ စည်ပင်ရွေးကောက်ပွဲဥပဒေဖြင့် ရွေးကောက်ပွဲပြုလုပ်၍ ရသော်လည်း ရွေးကောက်ပွဲသည် ဒီမိုကရေစီစံချိန်စံညွှန်းများဖြင့် ညီမည်မဟုတ်ကြောင်း ဒေါ်ညိုညိုသင်းက ဆက်လက်ပြောဆိုသည်။
ယခင်အစိုးရလက်ထက်ဖြင့်စာလျှင် လက်ရှိ ရန်ကုန်မြို့တော်စည်ပင်မှာ ပိုပြီးပွင့်လင်းမြင်သာမှု အားနည်းလာကြောင်းလည်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်အရပ်ဖက်အဖွဲ့အစည်း များက ထပ်မံဝေဖန်သည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်စောင့်ကြည့်အဖွဲ့၊ ဒါန-ရှေ့ဆောင် မြန်မာ၊ ပေါင်းကူး စသည့် အရပ်ဘက်အဖွဲ့များ စုစုပေါင်း ရဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာက ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲ ဆိုင်ရာ နည်းစနစ်မှားယွင်းမှုများနှင့် လုပ်ထုံးလုပ်နည်းအားနည်းမှုတွေများစွာရှိသည်ဟု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေက ဝေဖန်ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required