မဘသက ရခိုင်တွင် အခမဲ့ ပုဂ္ဂလိကအထက်တန်းကျောင်း ဖွင့်လှစ်မည်

မဘသက ရခိုင်တွင် အခမဲ့ ပုဂ္ဂလိကအထက်တန်းကျောင်း ဖွင့်လှစ်မည်

စစ်တွေ၊ ဧပြီ ၂၉ ရက်။              ။ အခမဲ့ ပညာသင်ကြားမည့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းအား တောင်ကုတ်မြို့နယ်တွင် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(မဘသ) က ဦးဆောင်ပြီး ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါ အခမဲ့ အထက်တန်းကျောင်းအား ယခုပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်သွားမည် ဖြစ်သလို စတင်စဉ်ကာလတွင် နဝမတန်းတစ်ခုတည်းကိုသာ သင်ကြားနိုင်ဖွယ်ရှိကြောင်း ကျောင်းဖြစ်မြောက်ရေးကော်မတီများ၏ ပြောကြားချက်အရ သိရသည်။

ပညာသင်ကျောင်းအား “မဟော်သဓာ” ဟု အမည်ပေးထားပြီး ကျောင်းဆောက်လုပ်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သလို အခမဲ့ပညာသင်ကြားခွင့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာ ၁၀၀ ကျော်ကို လက်ခံရရှိပြီးဖြစ်ကာ လာမည့် မေလ ၁၅ ရက်နေ့ထိ လျှောက်လွှာလက်ခံသွားမည်ဖြစ်ကြောင်း အခမဲ့ အထက်တန်းကျောင်း ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးခင်မောင်က ပြောသည်။

“ ဒီနှစ်တော့ နဝမတန်းတစ်တန်းတည်းကိုပဲ လက်ခံမယ်၊ ကျောင်းသားကတော့ ၈၀ ပေါ့၊ မိန်းကလေး၊ ယောကျင်္ားလေးအားလုံး၊ သူတို့ကို ကျောင်းအိပ် ကျောင်းစားအဖြစ် ထားသွားမှာ၊ လျှောက်လွှာတွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ ယူနိုင်ပါတယ်။”

အဆိုပါကျောင်းမှာ ရခိုင်ပြည်နယ်၏ ပထမဦးဆုံး အခမဲ့ အထက်တန်းကျောင်းဖြစ်သလို မဘသမှ ဦးဆောင်၍ နေလသစ္စာကုမ္ပဏီအပါအဝင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ချို့နှင့် စေတနာရှင်များ၏ ပါဝင်ငွေဖြင့် ငွေကျပ်သိန်းပေါင်း ၈ ထောင်ကျော်ခန့် ကုန်ကျခံ တည်ဆောက်ခဲ့ခြင်းလည်း ဖြစ်သည်။

“ ကျွန်တော်တို့ကတော့ မဟော်သဓာကျောင်းဖြစ်လာမည်ဆိုရင် ပိုပြီးတော့ကောင်းတယ်လို့ မြင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဘက်တွေမှာ ပညာရေးနဲ့ ပတ်သက်လို့ အစိုးရကျောင်းတွေမှာကအစ၊ ထိထိရောက်ရောက် လုပ်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့်ဒီကျောင်းဖြစ်လာတော့ ကျွန်တော် ဒေသရဲ့ပညာရေးကို ဘယ်လိုမျိုးတွေ ထိထိရောက်ရောက်လုပ်ဆောင်မှာလဲ ဆိုတာကိုတော့ ကျွန်တော်တို့မျော်လင့်ပါတယ်။” ဟု တောင်ကုတ်ဒေသခံတစ်ဦးဖြစ်သူ ကိုရက္ခက ပြောသည်။

အခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းအား ဒေသတွင်း ဆင်းရဲနွမ်းပါးသော၊ ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်သင်ကြားခွင့်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း မဘသ တောင်ကုတ်မြို့နယ်အဖွဲ့ဝင်များက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly