ပိတ်ထားရသည့် သာကေတရှိ အစ္စလာမ်စာသင်ကျောင်း ၂ ကျောင်းကို စစ်ဆေးမှုများ ပြုလုပ်

ပိတ်ထားရသည့် သာကေတရှိ အစ္စလာမ်စာသင်ကျောင်း ၂ ကျောင်းကို စစ်ဆေးမှုများ ပြုလုပ်

ရန်ကုန် ၊ ဧပြီ ၂၉ ။          ။ ရန်ကုန်မြို့ သာကေတမြို့နယ် အနော်မာ (၁) ရပ်ကွက်အတွင်းက ပိတ်ပင်ခံထားရသည့် အစ္စလာမ် စာသင်ကျောင်းများကို သက်ဆိုင်ရာက ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် လာရောက်စစ်ဆေးခဲ့သည်ဟု အနော်မာ ၁၁ လမ်း(အနောက်) စာသင်ကျောင်း မှ မော်လဝီ ဦးထွန်းထွန်းဝင်းက မဇ္စျိမသို့ ပြောသည်။

"ဒီနေ့လာစစ်ဆေးတယ်၊ အထဲမှာ ဓါတ်ပုံတွေရိုက်တယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးပါတယ်၊ ရဲမှူးပါတယ်၊ ဘာသာရေး ချစ်ကြည်ရေးအဖွဲ့ပါတယ်၊ အဖွဲ့ပေါင်းစုံပါကြပါတယ်" ဟု ယင်းကျောင်းမှ ဦးထွန်းထွန်းဝင်းက မဇ္စျိမကို အတည်ပြုပြောကြားသည်။

ယမန်နေ့ ညနေပိုင်းက အနော်မာ (၁) ရပ်ကွက်အတွင်းရှိ အဆိုပါ နေရာသို့ လူအင်အား ၁၀၀ ခန့်က လာရောက်ခဲ့ပြီး စာသင်ကျောင်းများ ပိတ်သိမ်းရန် ဖိအားပေးတောင်းဆိုခဲ့ကာ ယင်းအုပ်စုအတွင်း သံဃာများလည်း ပါ၀င်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်နေပြည်သူများအား မဇ္စျိမ မှ မေးမြန်းအတည်ပြုရာတွင် ယင်းသို့ ဖိအားပေးတောင်းဆိုသည့် လူများသည် ရပ်ကွက်တွင်း နေထိုင်သူ ပြည်သူများ မဟုတ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

စာသင်ကျောင်းများအတွင်း ၀တ်ပြုမှုများ ရှိနေသည် ဆိုသည့် ပြောဆိုချက်များဖြင့် အဆိုပါ စာသင်ကျောင်းများအား ပိတ်သိမ်းရန် ဖိအားပေးတောင်းဆိုခဲ့ပေမယ့် ယင်းစာသင်ကျောင်းများသည် တရားဝင်ခွင့်ပြုမိန့်ဖြင့် ချထားပေးခြင်းဖြစ်ကြောင်း ၊ စာသင်ကျောင်း သက်သက် ၀တ်ပြုသည့် နေရာ သက်သက်ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်း၏ ပြောဆိုချက်အရ သိရသည်။

ထို့သိုပိတ်ပင်ရာတွင် တည်ငြိမ်မှုဖြစ်အောင် ပိတ်ပင်သွားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ အကြောင်းပြချက် ပေးခဲ့သော်လည်း တရားဝင် ပိတ်သိမ်းခွင့် စာရွက်စာတမ်းများ မပါ၀င်ကြောင်း ဦးထွန်းထွန်းဝင်းက ဆိုသည်။

အဆိုပါ စာသင်ကျောင်းများ ပိတ်သိမ်းရာတွင် ၀င်ရောက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည့် သာကေတမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်အား မဇ္စျိမမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly