ဟိုက်ဘူရီ၊ အမ်းမရိတ်နဲ့ Marble Arch တို့တွင် Wenger Out ဆိုသော စာများကို အာဆင်နယ်ပရိသတ်များရေးထိုး

ဟိုက်ဘူရီ၊ အမ်းမရိတ်နဲ့ Marble Arch တို့တွင် Wenger Out ဆိုသော စာများကို အာဆင်နယ်ပရိသတ်များရေးထိုး

ဧပြီ ၂၉၊ အင်္ဂလန် ။                ။ နည်းပြအာစင်ဝင်းဂါးကို အသင်းကထွက်ခွာသွားစေလိုတဲ့ ပရိသတ်တွေဟာ WengerOut campaign တစ်ခုကို ထပ်မံပြုလုပ်ခဲ့ကြပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ အာဆင်နယ်အသင်းရဲ့ကွင်းဟောင်း ဟိုက်ဘူရီ၊ ကွင်းအသစ် အမ်းမရိတ်နဲ့ လန်ဒန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Marble Arch တို့မှာ #WengerOut ဆိုတဲ့ စာတန်းကို အလင်းနဲ့ရေးထိုးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

၀က်စ်ဘရွန်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ နောက်ပိုင်းကစတင်လို့ အာစင်ဝင်းဂါးကို အသင်းကထွက်ခွာသွားဖို့ တောင်းဆိုမှုတွေ ကွင်းအတွင်းရော ကွင်းအပြင်မှာပါ များပြားလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ခြင်းမရှိတော့တာကြောင့် အာဆင်နယ်ပရိသတ်တွေဟာ ၀င်းဂါးကို စိတ်ကုန်နေကြပြီ ဖြစ်ပါတယ်။ ၂၀၁၄-၁၅ ခုနှစ်က အက်ဖ်အေဖလားကို ရယူနိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေကတော့ ၀င်းဂါးရဲ့စွမ်းဆောင်ရည်ကို အားရခြင်းမရှိတော့ပါဘူး။

ဒါကြောင့် အာဆင်နယ်အသင်းကစားမယ့်ပွဲမတိုင်ခင် အချိန်တိုင်း ပရိသတ် ၁၀၀၀ နီးပါးဟာ အလံတွေ၊ စာတန်းတွေကိုင်ဆောင်ပြီး ၀င်းဂါးထွက်ခွာသွားဖို့ တောင်းဆိုလျက်ရှိနေကြပါတယ်။ ဒါ့အပြင် လေယာဉ်မှာ စာတန်းချိတ်ဆွဲကာတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

အာစင်ဝင်းဂါးကတော့ အခုအချိန်အထိ သူ့ရဲ့အနာဂတ်ကို ပြောဆိုဖို့ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။

‘အနာဂတ်အတွက် စိုးရိမ်ပူပန်မှုမရှိပါဘူး။ ကျွန်တော့်အနာဂတ်အတွက် ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ကွင်းအပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ မန်စီးတီးနဲ့ပွဲမှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကတော့ တကယ်ကိုကောင်းပါတယ်’ လို့ အာစင်ဝင်းဂါးက ပြောဆိုထားပါတယ်။

အာစင်ဝင်းဂါးဟာ ၁၉၉၆ ခုနှစ်က အာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ခြောက်ကြိမ်ရယူပေးနိုင်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒုတိယတစ်ကြိမ် ရရှိခဲ့ပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်ဟာ အခုနှစ်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly