NCA ထိုးနိုင်ရန် ယုံကြည်မှုနှင့် တိုးတက်မှု ရှိပြီး ဆက်လက် ဆွေးနွေးရန် သဘောတူ

NCA ထိုးနိုင်ရန် ယုံကြည်မှုနှင့် တိုးတက်မှု ရှိပြီး ဆက်လက် ဆွေးနွေးရန် သဘောတူ

ဧပြီလ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။            ။ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ဆွေးနွေးမှု တိုးတက်မှု ရှိပြီး မူအားဖြင့် သဘောတူညီထားသော အချက် ၉ ချက်အပေါ် ဆက်လက် ဆွေးနွေးရန် ယုံကြည်မှု ပိုမို ရရှိခဲ့သည်ဟု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တင်ပြထားသည့် အချက် ၉ ချက်အပေါ် ပိုမိုတိုးတက်အောင် ဆွေးနွေးနိုင်ခဲ့သည်ဟု သူက သတင်းထောက်များကို ပြောသည်။

“နှစ်ဖက်ယုံကြည်မှု ပိုပြီရလာတယ်။ အဲဒီအတွက်ကို လက်ရှိ သွားတဲ့ ၉ ချက်အပေါ်မှာလည်း ကျနော်တို့ တိုးတက်အောင် အများကြီး ဆွေးနွေးနိုင်ပါတယ်။ အဓိကတော့ အန်စီအေထိုးပြီးတော့ အန်စီအေလမ်းကြောင်းအတိုင်း ငြိိမ်းချမ်းရေးရဖို့ အတွက်ကို အားလုံးကနေသဘောထားဆန္ဒရှိတဲ့အတွက် အားလုံးတဖက်နဲ့တဖက် ယုံကြည်မှု တည်ဆောက်နိုင်တဲ့အပြင် ဒီနိုင်ငံရေးအရ ပြောရမယ်ဆိုရင် တိုးတက်မှုအများကြီးရှိတယ်”ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ဒုတိယအကြိမ် ၂၁ ညီလာခံ တက်ရောက်ရန် မည်သည့် ပုံစံဖြင့် ဖိတ်ကြားရန် ရှိမရှိ မေးမြန်းမှုအပေါ် ဒေါက်တာ တင်မျိုးဝင်းက အကြိုပြင်ဆင်ရေးကော်မတီမှ သဘောထားထွက်လာမည် ဖြစ်ကြောင်းသာ ဖြေကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် တင်ပြထားသည့် အချက် ၉ ချက်ကို ဆွေးနွေးမှု မပြီး ပြတ်သေးဘဲ ဆက်လက် ညှိနှိုင်းရန် သဘောတူခဲ့သည်ဟု DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

“ကျွန်တော်တို့ မူကြမ်းကိုပဲ ညှိနှိုင်းကြတယ်။ ဒီဟာလည်းပဲ အဆုံးမသတ်နိုင်သေးဘူး။ ဆက်လက် ညှိနှိုင်းဖို့ သဘောတူထားတယ်။ ကျနော်တို့ မူအားဖြင့်ဘဲသဘောတူထားတာလေ။ ပြုပြင်စရာရှိတာလည်း ပြုပြင်တယ်ပေါ့နော်။ နောက်ပြီးတော ့အပြန်အလှန် ညှိရတာတွေလည်း ရှိတယ်။ အဲဒီအေ့ပါ်မှာတော ့ယတိပြတ် ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ နှစ်ဖက်စလုံးက ကျွန်တော်တို့ ဆက်လက် ညှိနှိုင်းဆွေးနွေးနေဆဲပဲ။ အမြန်ဆုံးကတော့ သဘောတူနိုင်မဲ ့အနေအထားမျိုးရောက်ဖို့ ဆက်လက် ညှိနှိုင်းရမယ်”ဟု သူက သတင်းထောက်များကို ပြောသည်။

ဆွေးနွေးမှု မစမီ မတ်လ ၃ ရက်နေ့က DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ မူအားဖြင့် သဘောတူညီထားသည့် အချက် ၉ ချက်နှင့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်၊ မတက်ရောက် ဆွေးနွေးရန် သဘောတူခဲ့သည်။ သို့သော် ယနေ့ဆွေးနွေးမှုတွင် ညီလာခံ တက်ရေး၊ မတက်ရေး မဆွေးနွေးနိုင်ခဲ့ကြောင်း ခူဦးရယ်က ပြောသည်။

အစိုးရက လာမည့် မေလ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးနှင့် ညီလာခံ မတိုင်မီ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေးကို အစိုးရက ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် UNFC အဖွဲ့ဝင်များ ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး( LDU)နှင့် ဝ အမျိုးသားအဖွဲ့ချုပ် (WNO)တို့ ရ ဖွဲ့ ကိုုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

မကြာသေးမီက ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရ ဖွဲ့၏ NCA လမ်းကြောင်း မဟုတ်ဘဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းဖြင့် ဆက်သွားရန် ပန်ခမ်း အစည်းအဝေးမှ ဆုံးဖြတ်ချက်တွင် ပါဝင်သော KIO မှ ဒေါက်တာလဂျာ နှင့် SSPP မှ ဗိုလ်ချုပ် စိုင်းထူးတို့လည်း တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၂၈ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးအောင်ကြည်၊ ဦးအောင်စိုးတို့ အပါအဝင် ၆ ဦး နှင့် DPN ခေါင်းဆောင် ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦးတို့ တက်ရောက် ဆွေးနွေးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly