အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေ ထပ်ဖြစ်လာပြန်လို့ ဗြိတိန်မှာ လုံခြံုရေးသတိပေးချက် ထုတ်ပြန်ထား

အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ ပစ်ခတ်ဖမ်းဆီးမှုတွေ ထပ်ဖြစ်လာပြန်လို့ ဗြိတိန်မှာ လုံခြံုရေးသတိပေးချက် ထုတ်ပြန်ထား

ဧပြီ ၂၈ ။          ။ လက်ရှိအခြေအနေအရ နိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ဖွယ်ရာ အနေအထားတစ်ရပ်နှင့် ရင်ဆိုင်နေရလျက်ရှိကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဧပြီလ ၂၇ ရက်က ပါလီမန်အနီး အကြမ်းဖက်တိုက်ခိုက်မယ်လို့ သံသယရှိရတဲ့ ဓားကိုင်အမျိုးသားတစ်ဦးကို ရဲဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ရသလို တစ်ခြား စီးနင်းမှုတစ်ခုမှာလည်း အကြမ်းဖက်မှု သံသယရှိ အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့တဲ့ စီးနင်းမှုတစ်ခုလည်း ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ယခုလို ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ရတာဖြစ်ပါတယ်။

ယင်းနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းကမှပဲ ပါလီမန်အဆောက်အအုံအနီး အကြမ်းဖက်တိုက်ခိုက်မှုပေါ်ပေါက်ထားခဲ့လို့ ငါးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရထားခဲ့ပါတယ်။

ယခုတစ်ဖန် အခြေအနေတွေအရ နိုင်ငံအတွက် လုံခြံုရေးအခြေအနေ သတိပေးချက် ပြန်လည်ထုတ်ပြန်လာရတာလည်း ဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၈ ရက်မှာလည်း အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပဖို့ ရှိနေပြန်ပါသေးတယ်။

" မနေ့တုန်းကတော့ လန်ဒန်မှာ ထူးခြားမှုတွေ ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း ပြည်သူတွေကို အာမခံချင်တာက ခုလို အကြမ်းဖက်မှု အခြေအနေ စိုးရိမ်လာရတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က အကောင်းဆုံး ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်နေတယ်ဆိုတာပါပဲ၊ ခုရက်ထဲမှာပဲ ဒါနဲ့ပတ်သက်လို့ ဖမ်းဆီးမှုတွေ ကျွန်တော်တို့လုပ်ထားရပါတယ်" လို့ ဗြိတိန် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နေးလ် ဘာဆူးက ပြောပါတယ်။

ယမန်နေ့က ပါလီမန်အနီး အကြမ်းဖက် ရည်ရွယ်ချက်ရှိတယ်လို့ သံသယရှိရတဲ့အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရပါတယ်။ အလားတူ ယင်းဖြစ်စဉ် ဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ လန်ဒန်မြောက်ပိုင်းက ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ တစ်ခြား သံသယရှိ စီးနင်းမှုတစ်ခုနဲ့အတူ ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားပြီး သံသယရှိ အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ စီးနင်းမှုမှာတော့ ခြောက်ဦးကို ဖမ်းဆီးခဲ့ရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly