ကမ္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံ ကိုဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ကမ္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံ ကိုဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ကျွန်မတို့ မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေအနေနဲ့ မြန်မာကို ကမ္ဘာက သိအောင် တတ်စွမ်းသလောက် ကြိုးပမ်းနေကြပါတယ်။ ဒီလိုမျိုး တတ်စွမ်းသလောက် ကြိုးပမ်းနေကြသူတွေထဲမှာတော့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့သူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ အီတလီနိုင်ငံ၊ စပိုလီတိုမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ ကိုဝင်းထွန်းပဲ ဖြစ်ပါတယ်။ အခု ကိုဝင်းထွန်းကို တွေ့ဆုံပြီး ပြိုင်ပွဲတစ်လျှောက် တွေ့ကြံုခဲ့ရတဲ့ အတွေ့အကြံုတွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။

MZM: ကိုဝင်းထွန်း မင်္ဂလာပါ။

WT: မင်္ဂလာပါဗျ
 MZM: အစ်ကို့အနေနဲ့ ဒီကမ္ဘာ့ အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး သိချင်ပါတယ် ။

WT: ဒီလက်ရည်စံနှုန်း ၂၃၀၀အောက် ကမ္ဘာ့အပျော်တမ်း စစ်တုရင်ပြိုင်ပွဲကို ကျွန်တော်နဲ့ စည်သူ(မြန်မာ့လက်ရွေးစင်နှစ်ယောက်ပေ့ါ)သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့ အကြောင်းလေးကတော့ ပြိုင်ပွဲကျင်းပရေးကော်မတီကနေ နိုင်ငံအသီးသီးမှာ ရှိတဲ့ စစ်တုရင်အဖွဲ့ချုပ်တွေကို အွန်လိုင်းကနေပြီးတော့ လွန်ခဲ့တဲ့ လေးလလောက်က ဖိတ်စာတွေ ပို့ပါတယ်။အဲဒီအခါမှာ ကျွန်တော်တို့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်လွင်က သိရှိပြီးတော့ ကျွန်တော်တို့ အဲ့ဒီ အချိန် လွန်ခဲ့တဲ့ သုံးလလောက်က ကျွန်တော်တို့ စုစုပေါင်း မြန်မာ့ပဏာမ လက်ရွေးစင် ၁၆ယောက် အောင်ဆန်းကွင်း စစ်တုရင်အဖွဲ့ချုပ်မှာ ပြိုင်ပွဲကစားနေတယ်ဗျ။ ဥက္ကဋ္ဌ ဦးမောင်လွင်ကနေ ဒီပြိုင်ပွဲရှိတယ်ပေါ့၊ သွားရောက်ယှဉ်ပြိုင်လို့ ရှိတယ်၊ ယှဉ်ပြိုင်တဲ့နေရာမှာလည်း ကန့်သတ်ချက်လေးတွေ ရှိတယ်။ အင်တာနေရှင်နယ် မာစတာ(International Master)၊ ဂရမ်းမာစတာ(Grand Master)စတဲ့ Titleရထားတဲ့ ကစားသမားတွေက ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူး။ နောက်ပြီး လက်ရည်စံနှုန်း ၂၃၀၀ကျော်တဲ့ ကစားသမားတွေက သွားရောက်ယှဉ်ပြိုင်ခွင့်မရှိဘူး၊ အဲ့ခါကျတော့ ကျွန်တော်ရယ် စည်သူရယ် နှစ်ယောက်ပေ့ါ။ ကျွန်တော်တို့ နှစ်ယောက်ကတော့ အဲ့ကန့်သတ်ချက်ကလေးတွေကို မီတဲ့အခါကျတော့ ကျွန်တော်တို့ သွားရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်

MZM: ဒီပြိုင်ပွဲက ဘယ်နှရက်ကြာကျင်းပပြီးတော့ ပြိုင်ပွဲပုံစံလေးကိုလည်း အားလုံးသိအောင် မျှဝေပေးပါဦး။

WT: ပြိုင်ပွဲက ဧပြီလတစ်ရက်နေ့မှာ စကစားတယ်။ ဧပြီ ၈ ရက်နေ့မှာ ပြီးတယ်၊ပြိုင်ပွဲမှာက လက်ရည်စံနှုန်း ၂၃၀၀အောက်မှာ ပြိုင်ပွဲဝင်နိုင်ငံ ၂၇နိုင်ငံ၊ကစားသမားပေါင်းက ၆၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြတယ်။ အဲ့လိုကစားတဲ့နေရာမှာ ကစားသမား ၆၄ ဦးလုံးက နိုင်နိုင်ရှုံးရှုံး တစ်ယောက်ကို ကိုးပွဲစီ ကစားရတယ်။ ကိုးပွဲကစားပြီးချိန် ရထားတဲ့ ရမှတ်တွေကို ပေါင်းပြီးတော့  သူတို့ရဲ့ အဆင့်တွေ၊ ပထမ၊ဒုတိယ၊တတိယစတဲ့ အဆင့်တွေကို ပြန်စီလိုက်တာဗျ။တစ်ပွဲနိုင် တစ်မှတ်၊ သရေကျရင် Point five(0.5)၊ရှုံးလို့ရှိရင် သုညပေါ့ဗျာ။အဲ့လိုပေါ့ အမှတ်ပေးတဲ့စနစ်က။ကိုးပွဲပြီးတဲ့ချိန်မှာ အမှတ်တွေအကုန်လုံးကို ပေါင်းပြီးတော့ ကျွန်တော်က စုစုပေါင်း ရပွဲနိုင်၊တစ်ပွဲသရေ၊တစ်ပွဲရှုံးနဲ့ ရမှတ်ခွဲနဲ့ ကျွန်တော် လွတ်လွတ်ကျွတ်ကျွတ် ပထမရရှိခဲ့ပါတယ်ဗျ။အဓိက ဒီပြိုင်ပွဲက တစ်ပွဲကို ငါးနာရီ၊ခြောက်နာရီလောက် ကြာတယ်ဗျ၊ ကြာတာကို ကျွန်တော်တို့က ကိုးပွဲကစားရတာ၊ အဲ့လိုကစားနိုင်ဖို့အတွက်ကို ကျွန်တော်တို့က ကိုယ်ခန္ဓာကြံ့ခိုင်အောင် အာဟာရပြည့်စုံအောင်စားရတယ်၊ပြီးတော့ အိပ်ရေးဝအောင် အိပ်ရတယ်၊နောက်ပြီးတော့ ကျန်းမာရေးလေ့ကျင့်ခန်းပေါ့၊ဥပမာ တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်တာမျိုး၊ပုံမှန်ရေကူးတာ လုပ်ပေးတာမျိုးတို့။ ကျွန်တော်ကတော့ ညနေတိုင်း ပိုက်ကျော်ခြင်းခတ်ဖြစ်တယ်။ ပြီးတော့ အာဟာရပြည့်စုံအောင်စားတယ်၊အိပ်ရေးဝအောင်အိပ်တယ်။နောက်ပြီး လိုအပ်တဲ့ စစ်တုရင်နဲ့ပတ်သတ်တဲ့ ကျွမ်းကျင်မှုတွေ ရရှိဖို့ အတွက်ကို ဒီမှာ ကျွန်တော်တို့ရွာမှာက မြန်မာ့လက်ရွေးစင်တစ်ယောက် ရှိတယ်၊နောက်ထပ် ကာကွယ်ရေးက လက်ရွေးစင်တစ်ယောက်ရှိတယ်၊နောက် ကျွန်တော့်အိမ်မှာက ကျွန်တော့်အမျိုးသမီး၊ သူက အမျိုးသမီးလက်ရွေးစင်၊သူ့အစ်မကလည်း အမျိုးသမီးလက်ရွေးစင်၊သူတို့တွေနဲ့ ကျွန်တော် လေ့ကျင့်ကစားပါတယ်။ နောက်ပြီးတော့ အွန်လိုင်းမှာလာတဲ့ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ပွဲတွေကို ကျွန်တော်လေ့လာပါတယ်။ အဲ့လိုမျိုးလေ့ကျင့်ခဲ့ပါတယ် ခင်ဗျ။

MZM: ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတော့ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့အချိန်မှာ အကိုခံစားရတဲ့ ခံစားချက်လေးကို သိချင်ပါတယ်။

WT:သူက စစ်တုရင်ကစားတာကလည်း ပြိုင်ပွဲကစားတဲ့အချိန်မှာ ပျော်နေတာ၊စိတ်လှုပ်ရှားနေတာ၊ ရင်ခုန်နေတာ၊စိတ်ညစ်နေတာ အဲ့ဒါတွေဖြစ်ရင် ကျွန်တော်တို့က ပုံမှန် အအိပ်အစားပျက်တယ် ခင်ဗျ။ကစားတဲ့အခါမှာ အိပ်ရေးမဝရင် ကျွန်တော်တို့ အများကြီး ထိခိုက်တယ်။ထိခိုက်တဲ့အခါ ပျော်ရွှင်ခြင်းတွေ၊စိတ်ညစ်ခြင်းတွေ တတ်နိုင်သမျှ မေ့ထားလိုက်တယ်။မေ့ထားပြီးတော့ ကစားတယ်။ နောက်ဆုံးပွဲက တော်တော်လေး ခက်ခက်ခဲခဲကစားရတယ်။ကျွန်တော်တို့ပြိုင်ပွဲ အနိုင်အရှုံးက တစ်ဖက်ကစားသမားကို ကျွန်တော်နိုင်အောင်ကစားနိုင်ရင်နိုင်၊ ဒါမှမဟုတ် တစ်ဖက်ကစားသမားကို ပေးထားတဲ့ကစားချိန် ကုန်ဆုံးရင်လည်း ကျွန်တော်နိုင်တယ်။အဲ့တော့ ကျွန်တော့်ပြိုင်ဘက် အိန္ဒိယကစားသမားက အချိန်ကုန်သွားတော့ ကျွန်တော်နိုင်တယ်။နိုင်တဲ့အခါမှာဗျာ၊ ပျော်လိုက်တာ ပြောမနေပါနဲ့တော့။အကုန်လုံးပြီးဆုံးသွားပြီဆိုပြီးတော့ လုံးဝပေါ့ပြီး ပျော်ထွက်သွားတာ။အဲ့လိုပုံစံမျိုး တအားပျော်ခဲ့ပါတယ်ဗျ။ ဟုတ်ကဲ့။
 MZM:ဟုတ်ကဲ့။ အကို ဒီလို ကမ္ဘာ့အလယ်ကနေပြီးတော့ ချန်ပီယံဆုယူပြီး မြန်မာပြည်ပြန်လာတဲ့အခါမှာ လာကြိုတဲ့အခါမှာ အကို့မိသားစုကလွဲရင် လာကြိုတဲ့သူ မရှိဘူးလို့ သိရတယ်။အဲ့လို သတင်းထွက်လာတဲ့အခါမှာလည်း ဝေဖန်သံတွေက ထွက်ပေါ်လာတယ်။အဲ့အပေါ်မှာရော အကို့ခံစားချက်လေး သိချင်ပါတယ်။

WT: ဒီလိုဗျ။ လာကြိုတဲ့အခါမှာ ကျွန်တော့်မိသားစုရယ်၊ ကျွန်တော့်မိတ်ဆွေအချို့ရယ်၊နောက်ပြီးတော့ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က ရုံးအဖွဲ့မှူး ကိုမျိုးဇော်မင်း သူတို့တွေ လာကြိုကြတယ်ဗျ။ဒီ အွန်လိုင်းမှာ ပြန့်နေတဲ့ပုံလေးက ကျွန်တော် Hand Carry လေး ဆွဲပြီး တစ်ယောက်တည်း ကုပ်ချောင်းချောင်းနဲ့ ထွက်လာတဲ့ ပုံလေး။ အဲ့ဒါက ကိုမျိုးဇော်မင်း ရိုက်ပေးတာပါ။ အဓိကက ကျွန်တော်နဲ့ ကျွန်တော့မိသားစု၊ ကျွန်တော့်မိန်းမနဲ့ သမီး ဒီပုံလေးကိုပဲ အဓိက ရိုက်တာဆိုတော့ ကျန်တဲ့သူတွေ ပုံက မပါဘူး။ အဲ့ဒီတော့ လူတွေကတော့ အားမလိုအားမရ ဖြစ်တဲ့သူတွေကျတော့လည်း ဒီပုံလေးကြည့်ပြီး စိတ်မကောင်းဖြစ်ကြတာပေါ့ဗျာ။

MZM: ဘယ်အရွယ်ကနေ စပြီး ဒီစစ်တုရင်အားကစားကို စိတ်ဝင်စားခဲ့သလဲဆိုတာ သိချင်ပါတယ်ရှင့်။

WT:ငါးနှစ်၊ခြောက်နှစ်သားလောက်ကတည်းက ကစားတတ်တာဗျ။ကျွန်တော့်အဖေက ဟင်္သာတခရိုင်လက်ရွေးစင်၊ ကျွန်တော့်အမေက တက္ကသိုလ်ကျောင်းသူဘဝတုန်းက ဆုတွေဘာတွေ ရဖူးတယ်။ ကစားနည်းကိုသင်ပေးတာက ကျွန်တော့်အမေက သင်ပေးတာ။ အဲ့တော့ ကျွန်တော်က မူလတန်းလောက်ကတည်းက ကစားတတ်ခဲ့တာ။

MZM: အခု အစ်ကိုက ကမ္ဘာ့အဆင့် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီဆိုတော့ ကိုယ့်ဒေသအတွက် ဘယ်လိုမျိုးတွေ ပြန်လုပ်ပေးဖို့ အစီအစဉ်ရှိလဲရှင့်။

WT: ကိုယ့်ဟာကိုယ်ကြတော့ ကိုယ်စွမ်းသလောက်ကိုပေါ့နော်။ကျွန်တော်တို့ရွာပေါ့။ အခုလက်ရှိနေတာ လှည်းကူးမြို့နယ်၊ဇရပ်ကွင်းကျေးရွာ နေတယ်။ နေတဲ့အခါကျတော့ ကျွန်တော်တို့ရွာက ကျောင်းတွေမှာ ကလေးတွေကို နွေရာသီကျောင်းပိတ်ရက် သင်ပေးဖို့ အစီအစဉ်ရှိပါတယ်။ နောက် လှည်းကူးမှာလည်းပဲ နွေရာသီကျောင်းပိတ်ရက် ကလေးတွေကို၊ကျောင်းသားတွေကို သင်ပေးဖို့ စိတ်ကူးရှိပါတယ်။ အဓိက ငယ်ရွယ်တဲ့ လူငယ်လေးတွေ၊ ကျောင်းသားလေးတွေကို စစ်တုရင်ကို စိတ်ဝင်စားလာအောင် သင်ကြားပေးနိုင်မှသာ ဒီစစ်တုရင်ဆိုတဲ့ အားကစားက ပိုပြီးတော့ တိုးတက်ဖွ့ံဖြိုးလာမှာ ဖြစ်ပါတယ်ခင်ဗျ။
 MZM: စစ်တုရင်အားကစားနည်းကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိလာအောင်လို့ အကို့အနေနဲ့ ဘာတွေဆောင်ရွက်ပေးစေချင်တာမျိုး ရှိလဲရှင့်။

WT: ပြိုင်ပွဲတွေ များများလုပ်ဖို့လိုတယ်ဗျ။သူများနိုင်ငံမှာဆို ကျွန်တော်ထင်တယ်၊ တစ်ပတ်ကို တစ်ပွဲနှုန်းတောင် လုပ်လားမသိဘူး။ အတန်းလိုက်ပြိုင်ပွဲတွေ တစ်ပတ်ကို တစ်ပွဲနှုန်းလုပ်တဲ့ သဘောရှိတယ်ဗျ။ အိန္ဒိယက ကလေးတွေနဲ့ ကျွန်တော် ပြိုင်ပွဲမှာ တွေ့ဖြစ်ပြီး စကားပြောဖြစ်တော့ သူတို့ဆီမှာ ပြိုင်ပွဲက တစ်ပတ်ကို တစ်ပွဲနှုန်းတောင် ရှိနေတယ်။သူတို့နိုင်ငံ လူဦးရေများလို့ ကစားသမားဦးရေများတာထက်ကို ချိန်ကြည့်လိုက်ရင် သူတို့က ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်တဲ့သဘောရှိတယ်။အဲ့ဒီတော့ ပြိုင်ပွဲတွေ ဒီမှာလည်း များများစားစား လုပ်ဖို့ လိုပါတယ်။နောက် ကျောင်းသားလေးတွေ၊ အဲ့အရွယ်ကတည်းက စစ်တုရင်အားကစားနည်းကို သင်ကြားဖို့ လိုပါတယ်။

MZM: အစ်ကို ပြိုင်ပွဲသွားပြိုင်ဖြစ်တဲ့အခါမှာ ဒီစစ်တုရင်အဖွဲ့ချုပ်ကနေရော၊ အား/ကာကနေရော ထောက်ပံ့ပေးမှုရှိလားရှင့်။

WT: ရှိပါတယ်။ကျွန်တော်တို့ သွားတဲ့အခါမှာ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ကနေ အကုန်အကျခံပြီး ကျွန်တော်ရယ် စည်သူရယ် နှစ်ယောက်ကို စေလွှတ်တယ်။ စေလွွှတ်တဲ့အခါမှာ ကျွန်တော်တို့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ကျွန်တော်တို့ တရားဝင်စာတင်ပြီးမှ ကျွန်တော်တို့ သွားရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။

 MZM: စစ်တုရင်အားကစားနည်းကို ၀ါသနာပါကြတဲ့ လူငယ်တွေအတွက် အစ်ကို့အနေနဲ့ စကားလက်ဆောင်လေး ပြောပေးပါဦးရှင့်။

WT: ကျွန်တော်ကတော့ ဒီကျောင်းသားလူငယ်လေးတွေကို ကစားစေချင်တယ်ဗျ။ ဒီမှာက ဒီအားကစားနည်းကို စိတ်ဝင်စားမှုနည်းတယ်။ဒီအားကစားနည်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေကို လူသိနည်းတယ်ဗျ။ ကျွန်တော် အဲ့ဒါလေးတွေ ပြောပြချင်တယ်။ ပြောပြချင်တယ်ဆိုတာက ဒီဦးနှောက်တစ်ခုတည်းနဲ့ သုံးပြီးတော့ ကစားသမားကောင်းဖြစ်အောင်လုပ်လို့ မရပါဘူး။ တကယ်တမ်း ကစားတဲ့အခါမှာ ကျလို့ရှိရင် ပြိုင်ပွဲတစ်ပွဲကို ငါးနာရီ၊ခြောက်နာရီလောက်ကြာတယ်။အဲ့ကြာတဲ့အချိန်တွင်းမှာ ကျွန်တော်တို့က ဒီအနေအထားတွေက ကျွန်တော်တစ်ခါရွှေ့တယ်၊ အနေအထားက တစ်မျိုးပြောင်းတယ်၊ တစ်ဖက်ကစားသမားက ပြောင်းလဲတဲ့အနေအထားပေါ်မှာ ကြည့်ပြီးတော့ သူကစဉ်းစားပြီး မှန်မှန်ကန်ကန် ပြန်ဖြေရှင်းရတယ်။ နောက်တစ်ခါ သူက ပြန်ဖြေရှင်းတဲ့ဟာအပေါ်မူတည်ပြီး ကျွန်တော်က တစ်ခါ ပြန်ပြီးစဉ်းစားတယ်၊ မှန်မှန်ကန်ကန် ပြန်ဖြေရှင်းရတယ်။  အဲ့ငါးနာရီ၊ခြောက်နာရီလောက်အတွင်းမှာ ပုံစံတွေက မျိုးစုံပြောင်းလဲနေတယ်။အဲ့ဒါကို ကျွန်တော်က မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့အတွက်က အဲ့လောက် အချိန်အကြာကြီးအတွင်းမှာ အဲ့လိုစဉ်းစားပြီး ဖြေရှင်းနိုင်ဖို့အတွက်က ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့၊ စိတ်ဓာတ်ကြံ့ခိုင်ဖို့တွေက လိုပါတယ်ခင်ဗျ။ နောက် လူငယ်တွေ၊ကလေးတွေ ဒီလိုမျိုး စစ်တုရင်အားကစားကို ကစားခြင်းအားဖြင့် ကြွက်သားတွေကဗျာ၊ ဥပမာ ပုံမှန်လေ့ကျင့်ခန်းလုပ်ရင် ကြွက်သားတွေက သန်မာလာတယ်ဗျ။ ဦးနှောက်ကလည်းပဲ ပုံမှန် မှတ်သားနေမယ်၊ ကျက်မှတ်နေမယ်ဆိုရင် ဦးနှောက်ကလည်းပိုပြီး၊ မှတ်ညဏ်တွေက ပိုကောင်းလာပါတယ်ဗျ။ ကျွန်တော်တို့ အားကစားနည်းက စဉ်းစားရတဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် အလေ့အကျင့်လုပ်ပြီးသား ဖြစ်တော့ ရွယ်တူချင်းတွေမှာ ပိုပြီးတော့ စဉ်းစားတတ်စေပါတယ်။ ပိုပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။
 MZM: အခုလိုဖြေကြားပေးတဲ့အတွက် ကိုဝင်းထွန်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။                  

WT: ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ဗျာ။

ဟုတ်ကဲ့။ အခုမေးမြန်းခဲ့တာကတော့ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံ ကိုဝင်းထွန်းပဲ ဖြစ်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးပဲ တင်ရှိပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly