တောင်ကုတ်မြို့နယ်အတွင်း ပိုင်ရှင်မဲ့နွား ၁၀၀ ကျော် ဖမ်းဆီးရမိ

တောင်ကုတ်မြို့နယ်အတွင်း ပိုင်ရှင်မဲ့နွား ၁၀၀ ကျော် ဖမ်းဆီးရမိ
ဓာတ်ပုံ - ပြည်ချစ်/RiA

တောင်ကုတ်၊ ဧပြီ ၂၈ ။           ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မုန်းကျေးရွာအုပ်စု ကျောက်ကြီးကွင်းကျေးရွာအနီးတွင် ဧပြီလ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်က ပိုင်ရှင်မဲ့နွားကောင်ရေ ၁၄၂ ကောင်အား ဖမ်ဆီးရမိခဲ့ကြောင်း တောင်ကုတ်မြို့နယ် ရဲစခန်းမှသိရသည်။

“ဖြစ်နိုင်တာကတော့ နွားမှောင်ခိုသမားတွေ လာထားတာဖြစ်နိုင်တယ်။ လက်ရှိကတော့ ပိုင်ရှင်စုံစမ်းဆဲပါပဲ။ ဒီမှာ နေရာတော်တော်များများကလည်း ချောင်းမြောင်းတွေများတော့ နွားမှောင်ခိုထွက်တာတွေ ဒေသတွင်းထွက်တာတွေရှိနိုင်တာပေါ့ ”ဟု တောင်ကုတ်မြို့မရဲစခန်းမှူး ရဲမှူးကိုကိုဦးက ပြောသည်။

ဖမ်ဆီးရမိသည့်နွားများအား တောင်ကုတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ပိုင်ရှင်မှန်အား စုံစမ်းလျက်ရှိကာ ယခုကဲ့သို့ ပိုင်ရှင်မဲ့နွားများအား ယခင်ကလည်း ဖမ်ဆီးရမိခြင်းများ မကြာခဏရှိခဲ့ကြောင်းသိရသည်။

“အရင်တုန်းက ကျွန်တော်မီသလောက် သုံးလေးနှစ်အတွင်းမှာ ဒီလိုမျိုးတွေမရှိပါဘူး။ လက်ရှိလည်း ကျွန်တော်တို့က ဒါဟာ နွားမှောင်ခိုဖြစ်တယ်။ ဒါမှမဟုတ်ရင် ရိုးရိုးလား ဆိုတာကို စုံစမ်းမှုတွေ လုပ် နေပါတယ်”ဟု ရဲမှူး ကိုကိုဦးက ဆိုသည်။

ယင်းသို့ ပိုင်ရှင်မဲ့နွားဖမ်းဆီးရရှိမှုမှာ ယခင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဂွမြို့နယ်၊ ရဟိုင်းကူတိုး ကျေးရွာအုပ်စု၊ ကျောက်ကြီးကျေးရွာ အနီးတွင်လည်း နွားကောင်ရေ ၅၃ ကောင်ခန့်အား ပိုင်ရှင်မဲ့ ဖမ်ဆီးရမိခဲ့ကြောင်း လည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly