ခွင့်မပြုဓာတုဆေးပါသည့် ငါးပိများရောင်းချနေမှု မန္တလေးတိုင်းက နယ်မြို့များတွင် စစ်ဆေးအရေးယူ

ခွင့်မပြုဓာတုဆေးပါသည့် ငါးပိများရောင်းချနေမှု မန္တလေးတိုင်းက နယ်မြို့များတွင် စစ်ဆေးအရေးယူ

မန္တလေး၊ ဧပြီ ၂၈ ။            ။ မန္တလေးမြို့ပေါ်၌ ရောင်းချနေသော ငါးပိများတွင် ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်ရေး ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)က ဆိုလိုက်ပြီး မန္တလေးတိုင်းအတွင်းရှိ နယ်မြို့များတွင်လည်း ဆက်လက်စစ်ဆေး အရေးယူသွားမည်ဟု ဆိုသည်။ 

အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နယ်မြို့များရှိ စျေးများတွင် ငပိနမူနာများကို ဦးစွာ ကွင်းဆင်းဝယ်ယူပြီး ဓာတ်ခွဲစစ်ဆေးခြင်းများပြုလုပ်ကာတွေ့ရှိပါက အရေးယူခြင်းများလည်းပြုလုပ်လျက်ရှိသည်။

''နယ်တွေမှာ ရောင်းချနိုင်တယ်ဆိုပြီး ခရိုင်ရုံးခွဲ နှစ်ရုံးက ကွင်းဆင်းစစ်ဆေးတဲ့အခါမှ နယ်တွေမှာ ရောင်းနေတဲ့ ငါးပိတွေမှာ ခွင့်မပြုဓာတုဆိုးဆေးပါတာ တွေ့ရပါတယ်။ တွေ့ရှိတဲ့ဆိုင်တွေကို အသိပညာပေးတာ။ ခံဝန်ထိုးခိုင်းတာတွေ လုပ်ထားပြီးပါပြီး။ ထပ်မံတွေ့ရှိရင် အရေးယူမှုတွေ ပြုလုပ်သွားမှာပါ'' ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) ဒုညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

ငါးပိများတွင် ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်ရေးအတွက် (၂၀၁၆)ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ မန္တလေးမြို့ပေါ်ရှိ စျေးချို အပါအဝင် စျေးပေါင်း (၄၀)ကျော်တွင် အသိပညာပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်ရေး ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

''စတင် စစ်ဆေးတုန်းက ငါးပိတွေမှာ ခွင့်မပြု ဓာတုဆိုးဆေးသုံးထားတာတွေ အများကြီး တွေ့ခဲ့ရတယ်။ မန္တလေးစျေးချိုမှ အများဆုံး တွေ့ခဲ့ရတယ်။ နောက်ပိုင်း စျေးချိုက ငါးပိ ကုန်သည်တွေနဲ့ တွေ့ဆုံပြီး အသိပညာပေးတာ အရေးယူတာတွေလုပ်တော့ သူတို့ပင်ရင်းဝယ်တဲ့ ကုန်ပစ္စည်း နမူနာတွေကို လာရောက်စစ်ဆေးပါတယ်။ စစ်ဆေးချက် ရလာဒ်ကောင်းရမှ ဝယ်ယူကြတဲ့ အနေအထားထိ ရောက်လာခဲ့တယ်၊ နယ်မြို့တွေမှာလဲ ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်ရေး ဆောင်ရွက်တဲ့အခါ အားလုံးဝိုင်းဝန်း ပါဝင်ပေးစေချင်ပါတယ် '' ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) ဒုညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

ယခုနှစ်တွင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)မှ မီတ္ထီလာခရိုင် နှင့် ညောင်ဦးခရိုင်တို့တွင် ခရိုင်ရုံးခွဲများ စတင်ဖွင့်လှစ်၍ နယ်မြို့များတွင် နမူနာကောက်ယူ စစ်ဆေးမှုများ၊ အသိပညာပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိပြီး လိုက်နာမှုမရှိသူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly