တူရကီကမ်းလွန်တွင် သင်္ဘောချင်းတိုက်မိ၍ နစ်မြုပ်ခဲ့သည့် ရုရှစပိုင်သင်္ဘောမှ အမှုထမ်းအားလုံးအား ကယ်ဆယ်နိုင်

တူရကီကမ်းလွန်တွင် သင်္ဘောချင်းတိုက်မိ၍ နစ်မြုပ်ခဲ့သည့် ရုရှစပိုင်သင်္ဘောမှ အမှုထမ်းအားလုံးအား ကယ်ဆယ်နိုင်

အန်ကာရာ၊ ဧပြီ ၂၈ ။        ။ တူရကီကမ်းလွန်တွင် ဧပြီ ၂၇ ရက်က အနောက်အာဖရိနိုင်ငံတစ်နိုင်ငံဖြစ်သော တိုဂိုနိုင်ငံအလံလွှင့်တင်ထားသည့် ကျွဲ၊ နွားများ တင်ဆောင်လာသော သင်္ဘောတစ်စီးနှင့် တိုက်မိ၍ နစ်မြုပ်ခဲ့သည့် ရုရှစပိုင်သင်္ဘောမှ သင်္ဘောသား အမှုထမ်း ရ၈ ဦးစလုံးကို တူရကီကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်လိုက်နိုင်သည်။

ယခင်သုတေသနသင်္ဘောကို ထောက်လှမ်းရေးရေယာဉ်အဖြစ် အသုံးပြုထားသည့် ရုရှစပိုင်သင်္ဘော လီမန်းသည် တိုဂို ကျွဲ၊နွားတိရစ္ဆာန်တင်သင်္ဘော ယူဇာဆစ်ဖ်အိတ်ချ်နှင့် တိုက်မိပြီး သင်္ဘောကိုယ်ထည် ပေါက်ပြဲခဲ့ခြင်းဖြစ်ကြောင်း ရုရှစစ်တပ်က ပြောသည်။

မာမာရာပင်လယ်အတွင်း အစ္စတန်ဘူလ်ကို ဖြတ်သန်းသည့် ကမ္ဘာ့သင်္ဘောသွားလာမှုအများဆုံးလမ်းကြောင်းတစ်ခုဖြစ်သော ဘိုစဖိုရပ်ရေလက်ကြားအဝင်တွင် မြူဖုံးလွှမ်းမှုကြောင့် ယခုကဲ့သို့ သင်္ဘောချင်းတိုက်မိကြခြင်းဖြစ်သည်။

ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်တွင် တိုဂိုသင်္ဘောနှှင့် တိုက်မိခဲ့သည့် ရုရှစပိုင်သင်္ဘော လီမန်းသည် သုံးနာရီအကြာ နေ့လည် ၂ နာရီ ၄၈ မိနစ်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တူရကီနှင့် ရုရှသတင်းရင်းမြစ်များက ပြောသည်။

ရုရှှစပိုင်သင်္ဘောပေါ်မှ အမှုထမ်း ၆၃ ဦးကို တူရကီကမ်းခြေစောင့်တပ်က ကယ်ဆယ်လိုက်ခြင်းဖြစ်ပြီး ကျန် ၁၅ ဦးကမူ ယူဇာဆစ်အိတ်ချ်သင်္ဘောမှနေ၍ ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်လာသည့် ရုရှှသင်္ဘောသားအားလုံးကို တူရကီစစ်သင်္ဘောသို့ ပို့ဆောင်ပေးခဲ့ကြောင်း နောက်ဆုံးသိရသည်။

တိုဂိုသင်္ဘောမှှမူ ပျက်စီးမှု အနည်းအကျဉ်းသာရှိပြီး တိုက်မိမှုဖြစ်ပွားပြီးနောက်ပိုင်း ၎င်း၏ လမ်းကြောင်းအတိုင်း ဆက်လက်ခုတ်မောင်းသွားကြောင်း တူရကီသတင်းများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly