အမျိုးသမီးများအတွက် Girls in ICT Day ကျင်းပ

အမျိုးသမီးများအတွက် Girls in ICT Day ကျင်းပ

ရန်ကုန်၊ ဧြ့ပီ ၂၇ ။        ။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးငယ်များကို ဆက်သွယ်ရေးနှင့် နည်းပညာ၏ အသုံးဝင်မှုများကို သိရှိပြီး အသက်မွေးဝမ်းကြောင်းပညာရပ်အနေဖြင့် အသုံးချတတ်လာစေရန် ရည်ရွယ်သည့် Girls in ICT Day အထိမ်းအမှတ်ပွဲကို ယနေ့ ဧပြီ ၂၇ ရက်နေ့က ဗိုလ်တထောင်မြို့နယ်ရှိ YWCA ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆွေးနွေးပွဲများ၊ မှတ်တမ်းဗီဒီယိုရိုက်ကူးနည်းနှင့် လူမှုကွန်ရက် အသုံးပြုနည်းများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

“တကယ်ကို စစ်ဘေးရှောင်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေ ဖြစ်သော်ငြားလည်း ဒီလိုအိုင်တီကို တတ်ကျွမ်းနားလည်လိုက်ခြင်းဖြင့် သူတို့ဒေသတွေမှာ ဘယ်လို အသုံးချရမယ် ဆိုတာ သိလာတယ်ပေါ့နော်။ အဲဒါအပြင် အင်တာနက်ကို အသုံးပြုပြီးတော့ စီးပွားရေးနဲ့ ပတ်သက်တာတွေ ၊ နောက်ပြီး သူတို့ရဲ့ပညာရေးပေါ့နော် နောက်ပြီး ဗဟုသုတတွေ လေ့လာတဲ့နေရာတွေ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရှာဖွေတဲ့နေရာမျိုးတွေမှာ သူတို့ အသုံးပြုလာနိုင်တယ်ဆိုတာကို ကျွန်မတို့က စကားဝိုင်းအားဖြင့် ဒီမှာတက်ရောက်လာတဲ့ အမျိုးသမီးတွေကို သိစေချင်တာပေါ့နော်” ဟု Young Women Christian Association ၏ အတွင်းရေးမှူး မနန့်မေသန့်က ဆိုသည်။

သံတောင်ကြီးမြို့မှ လာရောက်ဆွေးနွေးသော ကရင်တိုင်းရင်းသူတစ်ဦးဖြစ်သည့် ဆာမူးစေးက လူမှုကွန်ရက်မီဒီယာပေါ်မှတဆင့် စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
“အိတ်ချုပ်တာပေါ့နော်။ အိတ်ချုပ်ပြီးတော့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပြီးတော့ အထည်တွေ အော်ဒါတွေမှာတာ ရရှိခဲ့ပါတယ်။ အဲဒါတွေအကြောင်းကို ဆွေးနွေးခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

Girls in ICT Day အထိမ်းအမှတ်ပွဲကို YWCA က ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly