ပြည်သူစိတ်ပျက် YBS ဆိုသည့် အသုံးအနှုန်း တိုင်းအစိုးရ လက်မခံ

ပြည်သူစိတ်ပျက် YBS ဆိုသည့် အသုံးအနှုန်း တိုင်းအစိုးရ လက်မခံ

ရန်ကုန်၊ ဧပြီ ၂၇ ။           ။ ပြည်သူစိတ်ပျက် YBS ဆိုသည့် အသုံးအနှုန်းကို လက်ခံနိုင်ခြင်း မရှိဟု ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က လွှတ်တော်၌ ဖြေရှင်းချက်ပေးခဲ့သည်။

"ပြည်သူစိတ်ပျက် YBS ဆိုတဲ့ နမိတ်ပြစကားလုံး ရည်ရွယ်ချက်က ဆန့်ကျင်ဘက်ရောက်သွားတဲ့ စကားလုံးမျိုးကို ကျွန်မတို့လက်မခံနိုင်ပါဘူး။ ဒါတွေကို အချိန်တန်ရင်ပြည်သူက ဆုံးဖြတ်ပေးပါလိမ့်မယ်" ဟု ဒေါ်နီလာကျော်က ဒဂုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ဝေဖန်ချက်ကို ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

YBS စနစ်အပေါ် ပြည်သူလူထု ယုံကြည်မှု လျော့နည်းနေပြီး "ပြည်သူအတွက် YBS မဟုတ်ဘဲ ပြည်သူစိတ်ပျက် YBS ဖြစ်နေပြီ" ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဧပြီ လ ၂၄ ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ ဝေဖန်ပြောဆိုခဲ့သည်။

ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားစီးနင်းသည့် ခရီးသည်ပြည်သူပေါင်း ၂၂ သိန်း အထိ ရှိနေပြီး ပြည်သူလူထု အဆင်ပြေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားလုပ်ဆောင်နေသည်ဟု ဒေါ်နီလာကျော်က ဆက်လက်ပြောဆိုခဲ့သည်။ 

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားယာဉ်လိုင်းပေါင်း (၈၀) နည်းပါး ၊ယာဉ်အစီးရေ ၃ ထောင်ကျော် ၄ ထောင်နီးပါးနဲ့ ပြေးဆွဲပေးနေသည်။

"လက်ရှိအနေအထားမှာ အရှိကို အရှိတိုင်း ဝေဖန်တာကိုမှ လက်မခံနိုင်ရင်တော့ အနာဂါတ်အတွက်လည်း မကောင်းဘူး" ဟု ဦးကျော်ဇေယျက လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို အင်းစိန် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က တင်သွင်းခဲ့ပြီး ယနေ့လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

လွှတ်တော်၌ အစိုးရအဖွဲ့မှ လာရောက်ဖြေရှင်းချက် ပေးခဲ့မှုနှင့် ပတ်သက်ပြီး ရ၀ ရာခိုင်နှုန်းလောက်သာကျေနပ်မှုရှိခဲ့သည် ဟုလည်း အဆိုရှင် ဦးဝေဖြိုးဟန်က လွှတ်တော်အပြီးတွင် ပြောဆိုသွားခဲ့သည်။

"YRTA ပြန်လည်ဖွဲ့စည်းသင့်တယ်ဆိုတဲ့ဟာလည်း ကျွန်တော်တို့ပြောခဲ့တာရှိတယ်၊ ငွေရေးကြေးရေးနဲ့ ပတ်သက် တာတွေလည်း တစ်ချို့ဟာတွေမှာ ၀န်ကြီးက ပြန်ပြီးရှင်းတဲ့အခါမှာ ကျန်ခဲ့တာတွေရှိတယ်" ဟုဦးဝေဖြိုးဟန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags