ချောင်းအတွင်း အမှိုက်နှင့်အညစ်အကြေးများပိတ်ဆို့နေသဖြင့် ရှင်းလင်းပေးရန်ရပ်ကွက်နေသူအချို့ တောင်းဆို

ချောင်းအတွင်း အမှိုက်နှင့်အညစ်အကြေးများပိတ်ဆို့နေသဖြင့် ရှင်းလင်းပေးရန်ရပ်ကွက်နေသူအချို့ တောင်းဆို

ရန်ကုန်၊ ဧပြီလ ၂၇ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း  လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ကြားရှိ ချောင်းအတွင်း အမှိုက်များ၊ အညစ် အကြေးများပိတ်ဆို့နေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက  ရှင်းလင်းပေးရန် အဆိုပါ ရပ်ကွက်နေ ပြည်သူများနှင့် ချောင်းဘေးတွင် နေထိုင်သည့် ပြည်သူအချို့က တောင်းဆိုလိုက်သည်။

ယင်းချောင်းအတွင်း အမှိုက်များ ဆယ်ယူပြီး ချောင်းကို စနစ်တကျရေစီးကောင်းအောင် လုပ်ပေး စေချင်ကြောင်း ပြည်သူ ၂၁ ဦးက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“ မိုးတွေရွာပြီးတဲ့နောက်မှာ ချောင်းထဲ ၊ အမှိုက်တွေ စုနေတော့ အညစ်အကြေးတွေနဲ့ အနံ့အသက် တွေ မကောင်းဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကတော့ လာပြီးရှင်းပေးတယ်။ ဒီနှစ်ကတော့ လာမရှင်းဘူးကြားလို့ စိုးရိမ်နေတာ။ ဒါကြောင့် ပြည်သူတစ်ဦးအနေနဲ့ တာဝန်ရှိတဲ့ လူကြီးတွေအနေနဲ့ လာပြီးရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု အဆိုပါ ချောင်းနံဘေးတွင် နေထိုင်သည့် ဒေါ်မြင့်ထွေးက ပြောသည်။

ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာမှ သတ်မှတ်ပေးသည့် အမှိုက်ပစ်ရန်နေရာများမှာ ဝေးသည့်အတွက် ရပ်ကွက်အတွင်းရှိ အမှိုက်အများစုကို နီးစပ်ရာ ချောင်းအတွင်း လာရောက်စွန့်ပစ်ကြခြင်းဖြစ်ပြီး အမှိုက်ပုံများကို ရပ်ကွက်နှင့် နီးစပ်ရာနေရာများတွင် လုပ်ပေးစေချင်ကြောင်း၊   လက်ရှိ ချောင်းအတွင်းရှိ အမှိုက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးရှင်းပေးစေချင်ကြောင်း လှိုင်မြို့နယ် ၁၂ ရပ်ကွက်တွင် နေထိုင်သည့် ကိုခင်သိန်းက ပြောသည်။

“ ဒီချောင်းကို မရှင်းဘူးဆိုရင်တော့ မိုးတွင်းဆို ပိုဆိုးလာနိုင်တယ်။ သူတို့ ပြီးခဲ့တဲ့ နှစ်တွေက လာရှင်းတာ တောင် ချောင်းရေတွေက ရပ်ကွက်ထဲထိရောက်တယ်။ ချောင်းထဲကို ခွေးသေပုပ်ကောင်တွေ၊ အညစ် အကြေးတွေ ပစ်ထားတော့ အနံတွေကမကောင်းဘူး။ ခြင်တွေဆို ခြင်ဆေးခွေတောင်မနိုင်ဘူး။ ဒါကြောင့် ကျန်းမာရေးအတွက် အတော်စိုးရိမ်ရတယ်”ဟု ကိုခင်သိန်းက ချောင်းထဲရှိ အမှိုက်များ ရှင်းပေးစေချင်သည့် အကြောင်းကို ပြောပြသည်။

ချောင်းအတွင်း အမှိုက်နှင့်အညစ်အကြေးများပိတ်ဆို့နေရာတွင် ရေသန့်ဘူးဟောင်းများနှင့် ဖော့ဘူးများ အများဆုံးပါဝင်ကြောင်း တွေ့ရသည်။

အဆို ချောင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူကတော့ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်က ရပ်ကျေးဒုဥက္ကဋ္ဌ ဦးကျော်ဝင်း က  " ခုခဏလေးကို သွားတွက်လို့မရဘူး။ မိုးက ဆက်တိုက်ကျလာတဲ့ အခါကျမှ ကျွန်တော်တို့က မြောင်းကို ဘယ်လိုရှင်းရမလဲ။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုချဲ့ရမလဲဆိုတာကို ရပ်ကွက်အကုန်လုံးတိုင်ပင်ပြီးတော့ အလုပ်လုပ်ရတာဖြစ်တယ်" ဟု ဆိုသည်။ 

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနအနေဖြင့် ချောင်း၊ မြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရန် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ခရိုင် ၄ ခရိုင်ကို စီမံချက် ရေးဆွဲပြီး တစ်ပြိုင်နက် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ မြို့နယ်အလိုက်၊ ခရိုင်အလိုက် စီမံချက်ရေးဆွဲပြီးဆောင်ရွက်တဲ့ အခါမှာ ချောင်းတွေက ရေစီးမှုမရှိဘဲ ပိတ်ဆို့နေတာတွေ ရှိပါတယ်။ ပိတ်ဆို့တဲ့ နေရာတွေကိုလည်း ပြန်ကြည့်တဲ့အခါမှာ ပြည်သူတွေအနေနဲ့ ချောင်းတွေ၊ မြောင်းတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာကြောင့် ပိတ်ဆို့နေတာတွေရှိပါတယ်။ ပိတ်ဆို့နေတဲ့ ချောင်းမြောင်းတွေကို ကျွန်တော်တို့ စုဖွဲ့အင်အားတွေနဲ့ လက်ရှိမှာ ၄ ခရိုင်လုံးကို ရှင်းလင်းဆောင်ရွက် နေပါပြီ ”ဟု ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

ထိုသို့ရှင်းလင်းဆောင်ရွက်ရာတွင် အနောက်ပိုင်းခရိုင်တွင် လူအင်အား ၁ဝဝ ကျော်၊ မြောက်ပိုင်းခရိုင်တွင် လူအင်အား ရဝ ကျော်စသဖြင့် စက်ယန္တရားများ၊ ဘတ်ဟိုးယာဉ်များ၊ အမှိုက်သိမ်းယာဉ်များကိုအသုံးပြု၍ ချောင်း၊ မြောင်းအတွင်း ပိတ်ဆို့အမှိုက်များ ရှင်းလင်းခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly